မောင်တောမြို့နယ်တွင် ပစ်ခတ်မှု ဖြစ်ပွား၍ တစ်ဦးသေ


နိရဉ္စရာ၊ ဧပြီ ၁၀

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘင်္ဂလီကျေးရွာ တစ်ခုတွင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကြောင်း သတင်း ရရှိသည်။

“ ဖြစ်တာက မှန်ပါတယ်။ မောင်တောမြို့ ပဒင်းကျေးရွာအုပ်စု၊ ရေဖုန်းပြင် ဘင်္ဂလီရွာမှာ ဒီလ ၇ ရက်နေ့က ညနေက ဖြစ်ပွားတာပါ။ နယ်ခြားစောင့် ရဲအပိုင်ဆိုတော့ ကျွန်တော်တို့က ဒီထက်ပိုပြီး မသိပါဘူး” ဟု မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။

သေနတ်သမား ဖြစ်သူသည် အမျိုးသမီးများကဲ့သို့ ဘူရ်ခါ ၀တ်ပြီး ၀င်ရောက်လာကာ မောင်တောမြို့ မောင်နီရွာ အနီးရှိ ပဒင်းကျေးရွာအုပ်စု၊ ရေဖုန်းပြင်ရွာမှ နူရ်ရာဆောင်း (ခ) စိုးစိုး ကို သေနတ်ဖြင့် ငါးချက်တိတိ ပစ်ခတ် ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

သတ်ဖြတ်သွားသူမှာလည်း ဘင်္ဂလီ လူမျိုး တစ်ဦးဖြစ်ပြီး ပစ်ခတ်ပြီးနောက် ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု သိရသည်။

သတင်းကို အတည်ပြုနိုင်ရန် အတွက် မောင်တောမြို့ ကျီးကန်းပြင် နယ်ခြားစောင့်တပ်ဖွဲ့ ဌာနချုပ်သို့ ဆက်သွယ်ရာ ဖုန်းကိုင်သော်လည်း ကျီးကန်းပြင်ဌာနချုပ်မှ မဟုတ်ကြောင်း၊ ဖုန်းမှားနေကြောင်း ပြောဆိုပြီး ဖြေကြားရန် ငြင်းဆိုသည်။

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာတွင်လည်း အမျိုးသမီး စာရေးမ တစ်ဦးက မြို့နယ် အုပ်ချုပ်ရေးမှူးမှာ အပြင်သို့ထွက်သွားသည်ဟု ပြောဆိုသဖြင့် မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

Arakan State
https://www.facebook.com/NarinjaraNews

မောင်တောမြို့နယ်တွင် ပစ်ခတ်မှု ဖြစ်ပွား၍ တစ်ဦးသေ  မောင်တောမြို့နယ်တွင် ပစ်ခတ်မှု ဖြစ်ပွား၍ တစ်ဦးသေ Reviewed by THITHTOOLWIN on 18:53 Rating: 5
Powered by Blogger.