သပိတ်မှောက် လုပ်သားများ မြို့တွင်းလှည့်လည် ဆန္ဒပြ

စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်ရှိ Myanmar Veneer သစ်အချောထည်စက်ရုံက အလုပ်သမားတွေ ဧပြီလ ၆ ရက်နေ့က စစ်ကိုင်းမြို့ထဲမှာ လှည့်လည်ဆန္ဒပြစဉ်။ Photo: Hset Paing Toe/RFA
စစ်ကိုင်းမြို့ပတ္တမြားစက်မှုဇုန်က Myanmar Veneer သစ်အချောထည်စက်ရုံရှေ့မှာ တစ်လကျော်ကြာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေတဲ့ စက်ရုံအလုပ်သမား ၁၀၀ ကျော်ဟာ ဒီကနေ့ စစ်ကိုင်းမြို့မှာ လှည့်လည် ဆန္ဒပြကြပါတယ်။

အလုပ်ထုတ်ခံရသူတွေကို အလုပ်ပြန်ခန့်ပေးဖို့ နဲ့ ကျွမ်းကျင်ကြေး၊ လုပ်သက်ခံစားခွင့်၊ ရက်မှန်ကြေး၊ စားစရိတ်၊ နေစရိတ်နဲ့ ခရီးစရိတ်တွေ ရရှိဖို့တောင်းဆိုကြတာ ဖြစ်တယ်လို့ စက်ရုံအလုပ်သမား ဒေါ်အိအိခိုင် က ပြောပါတယ်။

"ကျမတို့လိုချင်တာက အခု ပိုက်ဆံတစ်သောင်းပေးတယ်၊ ထမင်းကျွေးတယ်၊ ကျမတို့က အစောကြီးကတည်းက အဲ့ဒါကိုလိုချင်တာ၊ အခုသူတို့ အဲ့ဒါကိုပေးနေတယ်၊ ပြီးတော့ သုံးပွင့်ဆိုင်ညှိနှိုင်းမှုကို လိုချင်တယ်၊ အလုပ်ရှင်၊ အလုပ်သမား၊ နောက်အကြီးအကဲတွေ ဘာတွေနဲ့ပေါ့နော်၊ သုံးပွင့်ဆိုင်ဆွေးနွေးမှုလည်း မလုပ်ဘူး၊ ၃၈ ရက်ရှိပြီ၊ ဘယ်သူမှ လာရောက်ဖြေရှင်းပေးခြင်းမရှိဘူး၊ အဲ့ဒါကြောင့်မို့ ကျမတို့လမ်းပေါ်ထွက်တာပါ"

အဲဒီအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကတည်းက စက်ရုံရှေ့မှာ ထိုင်သပိတ်စခန်း ဖွင့်ခဲ့ကြတာဖြစ်ပါတယ်။ အရင်က စက်ရုံတွင်းမှာ တောင်းဆိုခဲ့တဲ့ အလုပ်သမား ၂၀၀ နီးပါးကို အလုပ်ကနေ ထုတ်ပယ်ထားတာဖြစ်ပါတယ်။

သပိတ်စခန်းက ရက်ကြာမြင့်လာပြီဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။

အဲဒီစက်မှုဇုံနယ်မြေမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဦး က တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ အဲဒီအလုပ်သမားတွေရဲ့ တောင်းဆို ချက်တွေကို တင်ပြဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
သပိတ်မှောက် လုပ်သားများ မြို့တွင်းလှည့်လည် ဆန္ဒပြ  သပိတ်မှောက် လုပ်သားများ မြို့တွင်းလှည့်လည် ဆန္ဒပြ Reviewed by THITHTOOLWIN on 03:28 Rating: 5
Powered by Blogger.