မြန်မာ့စီးပွားရေး အနာဂတ် ကောင်းမွန်ရန် အလားအလာကောင်းဟု ဆို


မြန်မာ နိုင်ငံအတွင်း ငယ်ရွယ်သူ လူဦးရေ များပြားသော်လည်း လုပ်ခလစာနှင့် ပို့ကုန်ဝင်ငွေမှာ အာရှတွင် အနိမ့်ဆုံး နိုင်ငံတစ်ခု ဖြစ်လျက် ရှိသည်။ မြန်မာနိုင်ငံ၏ လူစွမ်းအား ဖွံ့ဖြိုးမှု ညွှန်းကိမ်းမှာ နိုင်ငံ ၁၈၅ နိုင်ငံ အနက် အဆင့် ၁၅၀ တွင် ရှိနေသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်၏ လူ့စွမ်းအား ဖွံ့ဖြိုးမှု အစီရင်ခံစာတွင် ဖော်ပြသည်။ မြန်မာနိုင်ငံ၏ တစ်ဦးချင်း ၀င်ငွေမှာလည်း တစ်နှစ်လျှင် ၁၇၁၁ ဒေါ်လာသာရှိပြီး အရှေ့တောင် အာရှတွင် ဒုတိယအနိမ့်ဆုံးဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ၈.၅ ရာခိုင်နှုန်း နီးပါး တိုးတက်ခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၈.၁ ဘီလီယံ အထိ စံချိန်တင် မြင့်တက်ခဲ့သော်လည်း နိုင်ငံ၏ သယံဇာတများမှာ ခြစားနေ သည့် အရာရှိများနှင့် စစ်တပ်ကျောထောက်နောက်ခံ ခရိုနီများ၏ ထိန်းချုပ်မှု ခံနေရသဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးကို သာမန်ပြည်သူများ ခံစားရခြင်းမရှိဟု အများက မှတ်ယူထားသည်။

ထင်ရှားသည့် စီးပွားရေးနှင့် ဥပဒေပညာရှင် ဦးတင်မောင်သန်းကမူ သမ္မတသစ် လက်ထက် မြန်မာ့စီးပွားရေး အလားအလာအပေါ် အကောင်းမြင်ထားသည်။ ယင်းက “ဦးသိန်းစိန်ရဲ့ ငါးနှစ်သက်တမ်းမှာ မအောင်မြင်ခဲ့တာတွေကို ဦးထင်ကျော်လက်ထက်မှာ အောင်မြင်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

NLD သည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီကပင် စီးပွားရေး အစီအစဉ်များ ချမှတ်ခဲ့ပြီး ဗဟိုဘဏ်အား အစိုးရထိန်းချုပ်မှု လျှော့ချရန်၊ အစိုးရပိုင် လုပ်ငန်းများ၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရန်နှင့် နိုင်ငံခြား ငွေလဲနှုန်းတည်ငြိမ်ရန် စသည်တို့ ပါဝင်သည်။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ အစိုးရသစ်၏ ဦးစားပေး အစီအစဉ်တစ်ခု ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က ကတိပြုထားသည်။

ဦးတင်မောင်သန်းက “အမေရိကန်က ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးမယ်လို့ ကျွန်တော် ပြောရဲပါတယ်။ ဒါကြောင့် မကြာခင်မှာ ဈေးကွက်က ပိုမိုပွင့်လင်းလာမှာပါ” ဟု ပြောကြားခဲ့သည်။

KHTun
The Ladies News
https://www.facebook.com/News.TheLadies
မြန်မာ့စီးပွားရေး အနာဂတ် ကောင်းမွန်ရန် အလားအလာကောင်းဟု ဆို  မြန်မာ့စီးပွားရေး အနာဂတ် ကောင်းမွန်ရန် အလားအလာကောင်းဟု ဆို Reviewed by THITHTOOLWIN on 06:26 Rating: 5
Powered by Blogger.