နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအမှု ရင်ဆိုင်နေရသည့်သူများ အားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြေညာချက် ထုတ်ပြန်


နှစ်သစ်ကူးအခါသမယတွင် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှား သူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသည့် ကျောင်းသား၊ ကျောင်းသူ များ ပြစ်မှုမှ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

နိုင်ငံရေး အကျဉ်းသားများ ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရသော ကျောင်းသား၊ကျောင်းသူများ လွတ်မြောက်ရေး သည် ပြည်သူလူထု က ရွေးကောက် တင်မြှောက်လိုက်သော ပြည်သူ့အစိုးရ၏ ဦးစားပေး လုပ်ငန်းတစ်ခု ဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထား သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး က ထုတ်ပြန်သည့် ကြေညာချက်အမှတ် ၁/၂၀၁၆ တွင်ဖော်ပြပါရှိသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်နိုင်ရန် နည်းလမ်း သုံးသွယ်ကို ပြဋ္ဌာန်းထားရှိပြီး ဖြစ်ကြောင်း၊ (က) ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄၊ပုဒ်မခွဲ (က) တွင် နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်း ထားကြောင်း၊ ပြစ်ဒဏ်ကျခံနေရသူ တစ်ဦးဦးကိုဖြစ်စေ ၊ အများကိုဖြစ်စေ၊ တစ်စုတစ်ဖွဲ့ကိုဖြစ်စေ ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့် ပေးနိုင်သည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ပုဒ်မခွဲ(၁)ပါ ပြဋ္ဌာန်းချက်အရ လည်း နိုင်ငံတော် သမ္မတက ပြစ်ဒဏ်ကျခံနေရသူအား စည်းကမ်းချက်ထား၍ဖြစ်စေ၊ စည်းကမ်းချက် မထားဘဲဖြစ်စေ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်ဟုဖော်ပြထားသည်။

ထို့အတူ (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ၊ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက် အရ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ၏ ထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့် ရှိသည်။ ပြစ်မှုဖြင့် ပြစ်ဒဏ်ကျ ခံနေရသူများ၊ ပြစ်မှုဖြင့် အမှုရင်ဆိုင်နေကြရသူများ အားလုံး အကျုံးဝင်သည့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်သည်ဟု ဖော်ပြထားသည်။

ယင်းအပြင် (ဂ) ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ အရ မည်သည့် အစိုးရရှေ့နေမဆို စစ်ဆေးစီရင်သော အမှုများတွင် စီရင်ချက်မချမီ လူတစ်ယောက်ကို ၎င်းအပေါ် စွဲဆို ထားသော အမှုမှ ယေဘုယျ အားဖြင့် ဖြစ်စေ၊ ၎င်းကိုကြားနာ စစ်ဆေးနေသည့် ပြစ်မှု များအနက် ပြစ်မှုတစ်ရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ ၊ ပြစ်မှုအများနှင့် စပ်လျဉ်း၍ ဖြစ်စေ တရားရုံး၏ သဘောတူညီချက်ဖြင့် ရုပ်သိမ်းနိုင်သည်ဟု လည်း ကြေညာချက်အတွင်းတွင် အပိုဒ်သုံးပိုဒ်ဖြင့် ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းမှာ အပိုဒ်ခွဲ (က)နှင့် (ဂ)တို့ဖြစ်သဖြင့် ယင်းနည်းလမ်းများကို အသုံးပြု၍ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ယခု ထုတ်ပြန်ကြေငှာချက်သည် NLD အစိုးရသစ်၏ ရင်ဆိုင်နေရသည့် အကြပ်အတည်းများကို လည်းကောင်း၊ ထိုအကြပ်အတည်းကြားမှ ကြိုးပမ်းအားထုတ်မှုကိုလည်းကောင်း မြင်သာစေသည့် ကြေငှာချက်တစ်ရပ် ဖြစ်ကြောင်း လေ့လာသူများက ကြိုဆိုကြသည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies
နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအမှု ရင်ဆိုင်နေရသည့်သူများ အားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြေညာချက် ထုတ်ပြန် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအမှု ရင်ဆိုင်နေရသည့်သူများ အားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြေညာချက် ထုတ်ပြန် Reviewed by THITHTOOLWIN on 17:28 Rating: 5
Powered by Blogger.