အိန္ဒိယနိုင်ငံတွင် အပူလှိုင်းကျရောက်မှုကြောင့် လူ ၁၆ဝ ကျော်သေဆုံး


နယူးဒေလီ ဧပြီ ၂၁

အိန္ဒိယနိုင်ငံတွင် အပူလှိုင်းပြင်းထန်စွာကျရောက်မှုကြောင့် ဧပြီလဆန်းမှစပြီး ယခုအချိန်ထိ လူ ၁၆ဝ ကျော်သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ဒေသန္တရသတင်းများအရသိရသည်။

ယခုနှစ်ဧပြီလအစောပိုင်းမှစ၍ အိန္ဒိယနိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် အပူချိန် ၄ဝ ဒီဂရီ စင်တီဂရိတ်အထက် မြင့်တက်ခဲ့သည်။

ဧပြီ ၂ဝ ရက်က နိုင်ငံအရှေ့ပိုင်းပြည်နယ်တစ်ခုဖြစ်သည့် အိုဒီရှာပြည်နယ်တွင် အပူချိန် ၄၆ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့ကြောင်းသိရသည်။

အပူလှိုင်းကျရောက်မှု၊ ရေဓာတ်ခမ်းခြောက်မှုနှင့် ရာသီဥတုပူပြင်းမှုကြောင့် ဖြစ်ပွားတတ်သော ရောဂါဆိုးများ ကြောင့် လူပေါင်း ၁၆ဝ ခန့်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကဆိုသည်။

သေဆုံးသူများအနက် အများစုသည် နေ့ပိုင်းအလုပ်သမားများဖြစ်ကြသည်။ ယခုကာလသည် နှစ်တစ်နှစ်၏ပူပြင်းသောရာသီစက်ဝန်းကို ဝင်ရောက်လာသည့်အတွက် အပူချိန်နှုန်းများဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း ရာသီဥတုဆိုင်ရာတာဝန်ရှိသူများက ခန့်မှန်းထားကြသည်။

အပူလှိုင်းကျရောက်သော အန်ဒရာပရာဒေ့ရှ်ပြည်နယ်တွင် ဒေသခံပြည်သူများအနေဖြင့် ရေလုံလောက်မှုမရှိပါက သေဆုံးမှုများဆက်လက်မြင့်တက်နိုင်သည်။

ယမန်နှစ်က အိန္ဒိယနိုင်ငံတွင် အပူလှိုင်းကျရောက်မှုကြောင့် လူ ၂ဝဝဝ ကျော် သေဆုံးခဲ့သည်။ သက်ဆိုင်ရာ ပြည်နယ်အစိုးရများက နေ့လယ်ပိုင်းပူပြင်းသောအချိန်တွင် အိမ်အပြင်သို့မထွက်ဘဲ နေအိမ်အတွင်းမှာသာ နေထိုင်ကြရန် ပြည်သူများအား အသိပေးထားသည်။

အင်န်အိတ်ခ်ျကေ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
အိန္ဒိယနိုင်ငံတွင် အပူလှိုင်းကျရောက်မှုကြောင့် လူ ၁၆ဝ ကျော်သေဆုံး  အိန္ဒိယနိုင်ငံတွင် အပူလှိုင်းကျရောက်မှုကြောင့် လူ ၁၆ဝ ကျော်သေဆုံး Reviewed by THITHTOOLWIN on 09:29 Rating: 5
Powered by Blogger.