တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို SNLD ဘာလို့ ငြင်းပယ်ခဲ့လဲ

NLD နဲ့ SNLD အကြား ရှမ်းပြည်နယ် ဝန်ကြီးချုပ် နေရာ အကြောင်း ပြောဆို ဆွေးနွေး ထားတာ မရှိ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင် ဖွဲ့စည်းမယ့် အစိုးရထဲ အသစ် ဖွဲ့စည်း ထားရှိ လာမယ့် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဌာနဟာ ဦးသိန်းစိန် လက်ထက် ပြဌာန်း ခဲ့တဲ့ တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေး ကာကွယ်တဲ့ ဥပဒေ အရ ဖွဲ့စည်း ထားရှိတာ ဖြစ်တယ် ဆိုပြီး ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီက ဝေဖန် လိုက်ပါတယ်။

NLD အစိုးရ သစ်မှာ အဲဒီ့ ဥပဒေ အတိုင်း သွားရင် တိုင်းရင်းသား တွေ အလိုရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် နိုင်ဖို့ မမျှော်လင့် နိုင်ဖို့ မရှိတာ ကြောင့် အစိုးရ သစ် အနေနဲ့ ဘယ်လို နည်းဥပဒေ တွေ ပြဌာန်း လာပြီး ချဲ့ထွင် လုပ်ကိုင် လာနိုင်မလဲ ဆိုတာ စောင့်ကြည့် ရဦးမှာ ဖြစ်တယ် လို့ SNLD ရဲ့ ပြောခွင့်ရ စိုင်းလိတ် က ဘီဘီစီ ကို ပြောပါတယ်။

NLD ပါတီ က တိုင်းရင်းသား ရေးရာ ဝန်ကြီး နေရာ အတွက် SNLD ပါတီ က ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ စိုင်းညွန့်လွင် ကို ကမ်းလှမ်း ခဲ့ ပေမယ့် SNLD ပါတီ က ငြင်းပယ် ခဲ့ပါတယ်။

NLD ပါတီ ရဲ့ ကမ်းလှမ်းချက် လက်ခံ ရရှိ ခဲ့ပြီးတဲ့ နောက် ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားရောက် တွေ့ဆုံ ခဲ့ သလို SNLD ပါတီတွင်းမှာလည်း ဗဟို ကော်မတီဝင် တွေ အစည်းအဝေး ၃ ရက် တိုင် ပြုလုပ် ခဲ့ကြပြီး တဲ့နောက် တိုင်းရင်းသား ရေးရာ ဝန်ကြီး နေရာ ကို လက်မခံဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်တယ်လို့ SNLD ပါတီ က ပြောပါတယ်။

SNLD ပါတီ အနေနဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် နေရာကို ပိုမို လိုလား မျှော်လင့် တဲ့ အတွက် တိုင်းရင်းသား ရေးရာဝန်ကြီး နေရာ ကို စွန့်လွှတ် ခဲ့တာ ဖြစ်နိုင်တယ် ဆိုတဲ့ ထင်မြင် မှု တွေ အပေါ် မှာလည်း စိုင်းလိတ် က ငြင်းပယ် ခဲ့ပြီး NLD နဲ့ SNLD အကြား ရှမ်းပြည်နယ် ဝန်ကြီးချုပ် နေရာ အကြောင်း ပြောဆို ဆွေးနွေး ထားတာ မရှိဘူးလို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို SNLD ဘာလို့ ငြင်းပယ်ခဲ့လဲ  တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို SNLD ဘာလို့ ငြင်းပယ်ခဲ့လဲ Reviewed by THITHTOOLWIN on 22:49 Rating: 5
Powered by Blogger.