ပြည်နယ်သုံးခု ပဏာမရွေးချယ်ပွဲ Sanders အနိုင်ရ

ပြည်နယ်သုံးခု ပဏာမရွေးချယ်ပွဲ Sanders အနိုင်ရ
အမေရိကန် ပြည်ထောင်စု အနောက်ပိုင်း ပြည်နယ်တွေ ဖြစ်တဲ့ ၀ါရှင်တန်၊ အလက်စကားနဲ့ ဟာဝိုင်အီ ပြည်နယ်တွေမှာ မနေ့ စနေနေ့က ကျင်းပတဲ့ ဒီမိုကရက်တစ် ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲတွေမှာတော့ ဗားမောင့်ပြည်နယ် အထက်လွှတ်တော် အမတ် Bernie Sanders က ပြည်နယ် သုံးခု စလုံးမှာ အနိုင်ရခဲ့ပါတယ်။
Bernie Sanders ကို ထောက်ခံသူများ
ဒါကြောင့် ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲတွေမှာ ဦးဆောင်နေတဲ့ ဟီလာရီ ကလင်တန်ကို မီဖို့ ပိုပြီး နီးကပ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဗားမောင့် အထက်လွှတ်တော် အမတ် Bernie Sanders က အလက်စကားပြည်နယ်မှာ မဲရလဒ် ၈၂ ရာခိုင်နှုန်း ရရှိခဲ့သလို ၀ါရှင်တန်နဲ့ ဟာဝိုင်အီ ပြည်နယ်တွေမှာလည်း မဲရလဒ် ၇၀ ရာခိုင်နှုန်းကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ် ပါတီတွင်း စည်းမျဉ်းတွေ အရ ပါတီညီလာခံ ကိုယ်စားလှယ်တွေကို အချိုးကျ ခွဲဝေ ရရှိတာကြောင့် မနေ့ စနေနေ့က ရွေးချယ်ပွဲတွေမှာ မစ္စတာ Sandders ကို ရှုံးနိမ့်ခဲ့တဲ့ မစ္စစ် ကလင်တန် အနေနဲ့လည်း ပါတီညီလာခံ ကိုယ်စားလှယ် အတော်များများ ရရှိဆဲ ဖြစ်ပါတယ်။

အနောက်ဘက် ပြည်နယ်တွေကို ခြေဦးလှည့်နေချိန်မှာဘဲ အခြေအနေ တိုးတက်လာမယ်ဆိုတာကို သိရှိထားပါတယ်လို့ မစ္စတာ Sanders က မနေ့ စနေနေ့က မြောက်ပိုင်းပြည်နယ် Wisconsin ပြည်နယ် မဲဆွယ်စည်းရုံးရေးပွဲမှာ ပြောဆိုပါတယ်။

ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲ အစောပိုင်း ကာလတွေအတွင်း တောင်ပိုင်း ပြည်နယ်တွေမှာ မစ္စစ် ကလင်တန်က အများစု အနိုင်ရခဲ့ပေမယ့်လည်း အခု နောက်ဆုံး ကျင်းပတဲ့ ပြည်နယ် ၆ ခု ထဲမှာ မစ္စတာ ဆန်းဒါး အနိုင်ရခဲ့တဲ့ ပြည်နယ် ၅ ခုစလုံးက အနောက်ပိုင်း ပြည်နယ်တွေဖြစ်ပါတယ်။ စနေနေ့ ရွေးချယ်ပွဲတွေမှာ မစ္စတာ ဆန်းဒါး အနိုင်ရပေမဲ့လို့ ပြိုင်ဘက် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီ ကလင်တန်ထက် ပါတီ ညီလာခံ ကိုယ်စားလှယ် အရေအတွက် ၃၀၀ အလျော့နဲ့ ဟီလာရီ ကလင်တန်ရဲ့ နောက်က လိုက်နေရဆဲ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ပြည်နယ်သုံးခု ပဏာမရွေးချယ်ပွဲ Sanders အနိုင်ရ  ပြည်နယ်သုံးခု ပဏာမရွေးချယ်ပွဲ Sanders အနိုင်ရ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.