နိုင်ငံတော်၏ တည်ဆဲဥပဒေနှင့် မညီညွတ်သည့် ကိစ္စရပ်များ မလုပ်ဆောင်ရန် KNU / KNLA-PC မှ ဗိုလ်ချုပ်နော်ကပေါ်ထူး ပြောဆို


ကရင်ငြိမ်းချမ်းရေးကောင်စီ KNU / KNLA-PC မှ တပ်ဖွဲ့ဝင်များ နိုင်ငံတော်၏ တည်ဆဲဥပဒေနှင့် မညီညွတ်သည့် မြေယာကိစ္စ၊ ကားကိစ္စများ မလုပ်ဆောင်ကြစေရန် ကရင်ငြိမ်းချမ်းရေး ကောင်စီမှ အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်နော်ကပေါ်ထူးက ပြောဆိုလိုက်သည်။

နိုင်ငံတော်၏ တည်ဆဲဥပဒေနှင့် မညီညွတ်သည့် မြေယာကိစ္စ၊ ကားကိစ္စများ မလုပ်ဆောင်မိကြစေရန် အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်နော်ကပေါ်ထူးက နော်တယာမြို့တွင် မတ်လ ၈ ရက်ကပြုလုပ်သည့် နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ညီလာခံတွင် တပ်ဖွဲ့များကို ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကိုယ်တပ်ဖွဲ့ အချင်းချင်းဖြစ်စေ၊ အခြား ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ BGF, DKBA, KNU စတဲ့ အဖွဲ့အစည်းတွေအပေါ်မှာဖြစ်စေ ဝေဖန်ပုတ်ခတ်တာမျိုး မလုပ်ကြဖို့လိုပါတယ်။ ဒါ့အပြင် နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေနဲ့ မကိုက်ညီတဲ့ မြေယာကိစ္စ၊ ကားကိစ္စတွေ မလုပ်ကြပါနဲ့။ ဒါတွေဟာ တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေပါတယ်” ဟု ဗိုလ်ချုပ်နော်ကပေါ်ထူးက ပြောသည်။

ကရင်ငြိမ်းချမ်းရေး ကောင်စီ၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာ ညီလာခံကို ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ထို့ကော်ကိုးဒေသ၊ နော်တယာမြို့တွင် မတ်လ (၇/၈/၉) သုံးရက်တိုင်ကျင်းပနေပြီး ကရင်ငြိမ်းချမ်းရေး ကောင်စီ ဗျူဟာ ၆ ခုမှ ဗျူဟာမှူးများ၊ တပ်ရင်း ၉ ရင်းမှ တပ်ရင်းမှူးများနှင့် တပ်ဖွဲ့ဝင်များ၊ PC အမျိုးသမီးရေးရာများ အပါအဝင်အင်အား ၁၃၀ ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။

ညီလာခံ၏ အဓိကရည်ရွယ်ချက် ဖြစ်သည့် နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြပြီး KNU / KNLA-PC ၏ မူဝါဒ ၉ ချက်၊ ရည်ရွယ်ချက် ၈ ချက်နှင့် ရှေ့လုပ်ငန်းစဉ် ၇ ချက်တို့ကို တင်ပြညှိနှိုင်းခဲ့ကာ အုပ်ချုပ်ရေးနှင့် တပ်ပိုင်းဆိုင်ရာ ဖွဲ့ စည်းပုံ၊ ဒုတိယအကြိမ် ပြည်ထောင်စုညီလာခံသို့ တက်ရောက်ရန် ကြိုတင်ပြင်ဆင်ခြင်းများ အပါအဝင် စိုက်ပျိုးရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စများ ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
နိုင်ငံတော်၏ တည်ဆဲဥပဒေနှင့် မညီညွတ်သည့် ကိစ္စရပ်များ မလုပ်ဆောင်ရန် KNU / KNLA-PC မှ ဗိုလ်ချုပ်နော်ကပေါ်ထူး ပြောဆို  နိုင်ငံတော်၏ တည်ဆဲဥပဒေနှင့် မညီညွတ်သည့် ကိစ္စရပ်များ မလုပ်ဆောင်ရန် KNU / KNLA-PC မှ ဗိုလ်ချုပ်နော်ကပေါ်ထူး ပြောဆို Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.