အစိုးရတပ်နှင့် ရှမ်းတပ်ဖွဲ့များ KIA တပ်မဟာ ၆ နယ်မြေတွင် တိုက်ပွဲဖြစ်

EAO အစည်းဝေးတက်ရောက်နေသော RCSS ခေါင်းဆောင် ယွတ်ဆစ်
KIA တပ်မဟာ ၆ နယ်မြေတွင် အစိုးရတပ်မ ၉၉ နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA တပ်ဖွဲ့များ ယမန်နေ့က အချိန် ၅ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

SSPP/SSA တပ်မဟာ ၁ မှ အင်အား ၂၀၀ ခန့်နှင့် အစိုးရတပ်မ ၉၉ အင်အား ၂၀၀ ကျော်ခန့်တို့သည် ယမန်နေ့ မနက်ပိုင်း ၁၀ မှ မွန်းလွဲပိုင်း ၃ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရှမ်းတပ်များသည် ယင်းနေရာမှ ဆုတ်ခွာသွားပြီး အစိုးရတပ်များ ကျန်ရှိနေသေးကြောင်း KIA တပ်မဟာ ၆ အရာရှိတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာသည် KIA တပ်မဟာ ၆ နယ်မြေ မုန်းဘော် အနောက်ဘက်၊ မန်နောင်းရွာ အလွန် ခ ရာ တွင်ဖြစ်ပါသည်။ ယင်း ရှေ့တစ်ရက်က မန်းနောင်းရွာတွင် KIA တပ်ရင်း ၃၇ တပ်ဖွဲ့များကို အစိုးရတပ်မှ ကြားဝင်တိုက်ခိုက်ခဲ့သော နေရာဖြစ်ပါသည်။

KIA တပ်မဟာ ၆ နယ်မြေတွင် စစ်ရေးလှုပ်ရှားနေသော ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းနှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA တို့သည် SSA တံဆိပ်ဖြင့်သာ သွားလာနေသောကြောင့် ခွဲခြားရန်ပင် ခက်ခဲနေကြောင်း KIA အရာရှိတစ်ဦး ပြောသည်။

ရှမ်းတပ်ဖွဲ့များမှ KIA တပ်ဖွဲ့များကို နောက်ယောင်ခံ လိုက်နေတာဖြစ်ပြီး ရှမ်းတပ်များ၏ နောက်တွင် အစိုးရတပ်မှ အမြဲလိုလို ပါလာနေကြောင်း KIA တပ်မဟာ ၆ မှ ထိပ်တန်းအရာရှိတစ်ဦးက လွန်ခဲ့သည့် နှစ် ရက်က ကချင်သတင်းဌာန KNG ကို ပြောခဲ့သည်။

ထို့အပြင် ယခုကဲ့သို့ နောက်ယောင်ခံနေမှုများသည် အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးအပြီး ဖြစ်ပေါ်လာသော အခြေအနေများ ဖြစ်ကြောင်းကို ယင်းအရာရှိက ပြောသည်။

လွန်ခဲ့သည့် အောက်တိုဘာ ၁၅ NCA လက်မှတ်ထိုးပြီးနောက် နိုဝင်ဘာလမှ စပြီး ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တပ်ဖွဲ့များနှင့် တအောင်းတပ်မတော် PSLF/TNLA တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်လာခဲ့ပါသည်။

ထို့အတူ အစိုးရတပ် အင်အား ၃၀၀၀ ကျော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှား နေပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် NCA လက်မှတ် မထိုးသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ၏ ဖေဖော်ဝါရီ ၂၁ ထုတ်ပြန်ချက်တွင် အစိုးရမှ NCA ကို နိုင်ငံရေး စစ်ရေးလက်နက် သဖွယ် အသုံးပြုလာနေကြောင်း ဖော်ပြခဲ့ပါသည်။

ထို့အတူ မတ်လ ၂၆ မှ ၂၈ အထိ ပြုလုပ်သော တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ၇ ဖွဲ့ ၏ သုံးရက်ကြာ ‘ဝ’ နယ် UWSP/UWSA ပန်ခမ်း အစည်းအဝေးတွင် လက်ရှိ RCSS နှင့် TNLA တို့ကြား ဖြစ်နေသည့် ပြဿနာကို ညှိ့နှိုင်းအဖြေရှာပြီး နှစ်ဦးနှစ်ဖက် ချက်ခြင်း အပစ်အခတ် ရပ်စဲရန် တောင်းဆိုထားပါသည်။ အကယ်၍ တဖက်က ပဋ္ဋိပက္ခ ဖြစ်ပွားအောင် ဆက်လက်ဆောင်ရွက်နေပါက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် ပူးပေါင်း၍ တားဆီး ကာကွယ်သွားမည် ဖြစ်ကြောင်းလည်း သတိပေးထားသည်။

Kachin News Group - Burmese
http://burmese.kachinnews.com
အစိုးရတပ်နှင့် ရှမ်းတပ်ဖွဲ့များ KIA တပ်မဟာ ၆ နယ်မြေတွင် တိုက်ပွဲဖြစ်  အစိုးရတပ်နှင့် ရှမ်းတပ်ဖွဲ့များ KIA တပ်မဟာ ၆ နယ်မြေတွင် တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 13:16 Rating: 5
Powered by Blogger.