တပ်မှ စွန့်လွှတ်မြေများ မူလတောင်သူလယ်သမားများထံ ပြန်လည် လွှဲပြောင်းပေးအပ်


တပ်မှသိမ်းယူထားသော လယ်မြေများအနက်မှ အသုံးမပြုသည့် စွန့်လွှတ်မြေများကို နိုင်ငံတော် အစိုးရသို့ ပြန်လည်အပ်နှံခဲ့သဖြင့် မူလလက်ငုတ် တောင်သူလယ်သမားများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မြေများကို တောင်သူလယ်သမားများထံ လွှဲပြောင်းပေးသည့် အခမ်းအနားကို မတ်လ ၂၂ ရက်တွင် ပြုလုပ်ခဲ့ပြီး အင်းတကော်မြို့၊ သာယာကုန်းကျေးရွာမှ တောင်သူလယ်သမား ၆၄ ဦးကို မြေ ၃၂၅.၉၂ ဧကအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်လျှောက်လွှာ မှတ်ပုံတင်(ပုံစံ-၃)ကို လယ်သမား တစ်ဦးချင်းထံ လွှဲပြောင်းပေးခဲ့ ကြောင်း သိရသည်။

စစ်တပ်မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတည်းက စွှန့်လွှတ်ခဲ့သည့် မြေများဖြစ်သော်လည်း ပြန်လည် လွှဲပြောင်းပေးရန် စိစစ်နေသည့်အတွက် ၂၀၁၆ ခုနှစ် မတ်လမှသာ မူလလယ်ပိုင်ရှင်များထံ လွှဲပြောင်းပေးနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

“အခု လယ်ပြန်လည်ရရှိမယ့် လယ်သမားတွေကို (ပုံစံ-၃)ထုတ်ပေးထားပြီးပြီ။ လယ်သမားတွေက လယ်ယာမြေ လုပ်ပိုင်ခွင့်(ပုံစံ-၇)ကို ပြန်လျှောက်ရပါမယ်” ဟု ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က ပြောသည်။

အင်းတကော်မြို့ အမှတ် ၁ ခဲယမ်းမီးကျောက်တပ်က ၁၉၉၇ ခုနှစ်တွင် တပ်၏ လိုအပ်ချက်အရ သာယာကုန်း ကျေးရွာ တစ်ဝိုက် ပလပ်မြေများနှင့် တောင်သူလယ်သမားများ၏ မြေများကို သိမ်းယူ၍ တပ်မြေအဖြစ် အုတ်တံတိုင်းခတ်ကာ အုတ်တံတိုင်းပြင်ပမှ လယ်ယာမြေများကို အသုံးမပြုတော့သဖြင့် စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့်လယ် အသိမ်းခံရတာ ၁၆ ဧကပါ။ တပ်က လယ်မသိမ်းခင် လွန်ခဲ့တဲ့ ၁၅ နှစ် လောက်တည်းက လယ်လုပ်နေတာပါ၊ အခုပြေစာရှိလို့ပြန်ရတာ ၄ ဧကပါ။ ကျန်ဧကတွေကို နောက်ခွဲတမ်းတွေမှာ ရ၊ မရတော့မသိဘူး” ဟု သာယာကုန်းကျေးရွာ၊ အမှတ် ၆ ရပ်ကွက်မှ လယ်သမား ဦးထွန်းဝင်းက ပြောသည်။

အင်းတကော်မြို့၊ အမှတ် ၁ ခဲယမ်းမီးကျောက်တပ်သည် တောင်သူလယ်သမား ၁၇၆ ဦးထံမှ သိမ်းယူထားသော လယ်မြေစုစုပေါင်း ၉၉၀.၀၁ ဧကကို နိုင်ငံတော်အစိုးရထံ ပြန်လည်အပ်နှံခဲ့ခြင်း ဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးအနေဖြင့် တောင်သူလယ်သမားများထံ ကျန်မြေများကို ထပ်မံလွှဲပြောင်းပေးရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies/
တပ်မှ စွန့်လွှတ်မြေများ မူလတောင်သူလယ်သမားများထံ ပြန်လည် လွှဲပြောင်းပေးအပ်  တပ်မှ စွန့်လွှတ်မြေများ မူလတောင်သူလယ်သမားများထံ ပြန်လည် လွှဲပြောင်းပေးအပ် Reviewed by THITHTOOLWIN on 18:50 Rating: 5
Powered by Blogger.