အညာဒေသတောင်သူများ အားထားယုံကြည် ကိုးကွယ်သည့် ပုန်းမကြည်ရှင်မ ပသခြင်းဓလေ့


မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အညာဒေသတောင်သူဦးကြီးများ၏ မိရိုးဖလာ ယုံကြည်ကိုးကွယ်မှုတစ်ခုဖြစ်သော ပုန်းမကြည်ပူဇော်ပသခြင်းအလေ့အထကို နှစ်စဉ်နှစ်တိုင်း တပေါင်းလဆန်း (၃)ရက်နေ့တွင် ပြုလုပ်လေ့ရှိကြရာ တပေါင်းလဆန်း(၁ရက်၂ရက်)မှစတင်၍ ပုန်းမကြည် တင်မြှောက်ပသရန်အတွက် ကောက်ညှင်းဆန်ထောင်းခြင်း၊ မုန့်ကြော်ရန်ပြင်ဆင်ခြင်းနှင့် လိုအပ်သည့် ချက်ပြုတ်ကြော်လှော်စရာများ ဝယ်ယူကြ ရန်အတွက် ကျောက်ပန်းတောင်းမြို့မဈေးတွင် စည်ကားလေ့ရှိနေပေသည်။

အဆိုပါပုန်းမကြည်ကို ကျေးလက်တောရွာများရှိ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသော ကျေးလက်နေပြည်သူများက အများဆုံးလုပ်ဆောင်လေ့ရှိကြပြီး မြို့ပေါ်တွင် ပွဲရုံလုပ်ငန်းလုပ်ကိုင်သူများနှင့် ဆီစက် လုပ်ငန်းရှင်များ၊ တောင်သူလုပ်ငန်းနှင့် ဆက်စပ်ပတ်သက်သူများလည်း ယုံကြည်စွာလုပ်ဆောင်ကြသည်ကိုတွေ့မြင် ရပေသည်။ ''ဒီပုန်းမကြည် မြှောက်တင်ပြီး ပသတဲ့အလေ့အထကို ဒီနားပတ်ဝန်းကျင်မြို့တွေမှာတော့ သိပ်မတွေ့ရဘူး။ ဒီကျောက်ပန်းတောင်းနယ်တစ်နယ်ထဲလုပ်တာတွေ့ရတယ်။ တခြားနယ်တွေမှာတော့ သူတို့ဆိုင်ရာဆိုင်ရာ ကိုးကွယ် ကြတာတော့ရှိမှာပေါ့လေ။ ပုန်းမကြည် မြှောက်တာကိုတော့ ဒီနယ်မှာပဲ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ယုံယုံကြည်ကြည် လုပ်တာတွေ့ရတယ်'' ဟု ကားတစ်စီးဖြင့်ဒေသစုံသွားလာလေ့ရှိသူ ဦးခင်မောင်မြင့်က ပြောသည်။ တင်မြှောက်ပသ ကြသူများသည် မိမိတို့လယ်ယာလုပ်ငန်းခွင် အသီးအနှံပေါကြွယ်ဝရေး၊ စီးပွားဥစ္စာလာဘ်လာဘ ပေါများရေး၊ မိုးလေဝသမှန်ကန်ညီညွတ်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် ယုံကြည်စွာကိုးကွယ်ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုန်းမကြည် တင်မြှောက်ပသရန်အတွက် အညာတောင်သူများသည် တပေါင်းလဆန်း(၂)ရက်နေ့ ညနေမှစတင်၍ မုန့်ဆီကြော်ကြော်ခြင်း၊ မုန့်အရုပ်ကြော်ခြင်းနှင့် ပုန်းမကြည်ပန်းဝယ်ယူခြင်းအစရှိသည့် လိုအပ်သည့် ပြင်ဆင်မှုများကို ဆောင်ရွက်ထားကြပြီး တပေါင်းလဆန်း(၃)ရက် နံနက် ၄ နာရီခန့်မှထ၍ ထမင်းအိုးတည်ခြင်း၊ ငါးခြောက်ကြော်ခြင်းများ စတင်ဆောင်ရွက်ကြသည်။ ယင်းနောက် ဘုရားဆွမ်းတော်ကပ် ဘုရားရှိခိုးပြီးပါက ပုန်းမကြည်တင်ရန်အတွက် ဒန်အိုး၊ ထမင်းခြုပ်၊ ထမင်းချိုင့်တို့တွင် ထမင်း၊ ငါးရံ့လုံးကြော်၊ ပဲကြီးဥ၊ ဘဲဥ(သို့မဟုတ်) ကြက်ဥ၊ မုန့်ဆီကြော်၊ ကောက်ညှင်းဖြင့်ပြုလုပ်ထားသည့် လူရုပ်၊ လှည်းရုပ်၊ ရွှေလက်ကောက်ရုပ်၊ ရွှေနားထောင်းရုပ်၊ မော်တော်ကားရုပ်အစရှိသည့် မိမိတို့အလိုရှိရာ ပုံဖော်ပြုလုပ်ထားသည့် မုန့်ကြော်အရုပ်များအပြင် အချို့မှာဝက်သားဟင်း၊ ငွေစက္ကူများပါထည့်၍ အဆိုပါအိုးခွက်တို့ကို အဝတ်ဖြူဖြင့်ရစ်ပတ်ပြီး ယင်းအိုးအပေါ်တွင် ပုန်းမကြည်ပန်းခက်ကိုတင်ကာ မိမိတို့၏လှည်းယာဉ်၊ နွားတင်းကုပ်၊ စပါးကျီ၊ ရေတွင်း၊ ရေကန်နှင့် လယ်ယာအတွင်းရှိ သစ်ပင်များ၊ မိမိတို့နေအိမ်၊ မီးဖိုဆောင်အစရှိသည့်နေရာများတွင် ဝေလီဝေလင်းကတည်းက အခြားသူများမသိအောင် သိုဝှက်ထားကြခြင်းဖြစ်၍ ယင်းကိုပင် ပုန်းမကြည်မှောက်သည်ဟု ခေါ်ဆိုကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုန်းမကြည်အိုးကို အိမ်ရှင်အမျိုးသမီး၊ အမျိုးသားတို့က နံနက် ၇ နာရီခန့်တွင် ၄င်းတို့သိုဝှက်ထားရှိရာ ပုန်းမကြည်အိုးရှိရာသို့သွား၍ ပုန်းမကြီးပန်းခက်ဖြင့် အသာအယာပုတ်ကာ ၄င်းပုန်းမကြည်ကို နှိုးရကြောင်းလည်း သိရသည်။ ထိုသို့နှိုးရာတွင်... ''ပုန်းမကြည်မ..ထ..ထ။ ပုန်းမကြည်သခင်မ...ရွှေဥ၊ ငွေဥပေးပါဗျ'' ဟူ၍ လည်းကောင်း၊ အချို့က ''ပုန်းမကြည်မ ရွှေကြွယ်ဝရရွှေလှည်း၊ ငွေလှည်း..ခေါ်ခဲ့ဗျ ...။ ထ....ထ...ထ...''ဟူ၍ လည်းကောင်း ဆိုရွတ်ကြရသည်များရှိကြောင်း သိရသည်။ ထို့နောက်တွင် အဆိုပါ ပုန်းမကြည်မှောက်ထားသည့် စားအသောက်များကို ပုန်းမကြည်နှိုးရာသို့ လိုက်လံချောင်းမြောင်းနေသည့် ကလေး၊ လူငယ်၊ လူကြီးများက ပျော်ရွှင် စွာ ခိုးယူစားသောက်ကြခြင်းဖြင့် ပုန်းမကြည်မတင်မြှောက်ပသခြင်းလုပ်ငန်းပြီးဆုံးကြောင်း သိရသည်။

အဆိုပါ ပုန်းမကြည် တင်မြှောက်ပသခြင်းဖြင့် မိမိတို့လယ်ယာလုပ်ငန်းခွင်များအဆင်ပြေပြီး သီးနှံများအလျှံပယ် ရရှိ၍ စီးပွားဥစ္စာလာဘ်လာဘများပေါများကြလိမ့်မည်ဟု ရှေးယခင်ကတည်းကပင် အညာဒေသ တောင်သူများ မိရိုးဖလာအရိုးစွဲယုံကြည်ခဲ့ကြခြင်းဖြစ်ပြီး ယင်းပုန်းမကြည် တင်မြှောက်သည့်ရက်နှင့်ဆက်စပ်၍ ထူးခြားသည့် ယုံကြည်မှုတစ်ခုမှာ တပေါင်းလဆန်း(၁)ရက်တွင် လေတိုက်ခတ်ပါက မိုးဦးကောင်းလိမ့်မည်ဟူ၍လည်းကောင်း၊ တပေါင်းလဆန်း(၂)ရက်တွင် လေတိုက်ခတ်ပါက မိုးလယ်ကောင်းလိမ့်မည်ဟူ၍ လည်းကောင်း၊ တပေါင်းလ ဆန်း(၃)ရက် (ပုန်းမကြည်နေ့)တွင် လေတိုက်ခတ်ပါက မိုးနှောင်းကောင်းလိမ့်မည်ဟုလည်းကောင်း လက်ခံယုံကြည် ထားကြပြီး နောင်နှစ်မိုးဦးရာသီစိုက်ခင်းပျိုးခင်းအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လေ့ရှိကြကြောင်း အညာ တောင်သူတို့၏ ရိုးရာယုံကြည်မှုတစ်ခုအဖြစ် လေ့လာသိရှိရပေသည်။

နေအောင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အညာဒေသတောင်သူများ အားထားယုံကြည် ကိုးကွယ်သည့် ပုန်းမကြည်ရှင်မ ပသခြင်းဓလေ့   အညာဒေသတောင်သူများ အားထားယုံကြည် ကိုးကွယ်သည့် ပုန်းမကြည်ရှင်မ ပသခြင်းဓလေ့ Reviewed by THITHTOOLWIN on 08:49 Rating: 5
Powered by Blogger.