ပဲခူးမြို့တွင် မွေးကင်းစ ကလေးငယ်များ ဘီပိုးကာကွယ်ဆေးထိုးနှံပြီးနောက် အသက်သေသည်အထိ ဖြစ်ပွားခဲ့ခြင်းအပေါ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်


ပဲခူးမြို့ အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ကလေးငယ်များ ကာကွယ်ဆေးထိုးပြီး နောက်ပိုင်း အသက်ရှူကျပ်ခြင်း၊ ရုတ်တရက် တက်ခြင်းများဖြစ်ခဲ့ကြောင်း၊ ကနဦး စစ်ဆေးချက်များအရ မွေးကင်းစကလေးများတွင် ပိုးဝင်၍ဖြစ်သည့် လက္ခဏာများ တွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက မတ်လ ၁၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မည်သည့်အတွက်ကြောင့် ဖြစ်ရသည်ကို အသေးစိတ် သိရှိနိုင်ရန် သမားတော်များ၊ ကလေးအထူးကုများ၊ သက်ဆိုင်ရာအထူး ကုဆရာဝန်များ ပါဝင်သည့် အဖွဲ့များဖွဲ့၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း၊ လက်ရှိအချိန်တွင် အဖြေအချို့ကိုရရှိထားပြီး ဖြစ်ကြောင်း၊ ရောဂါဖြစ်နေသည့် ကလေးများကို သေချာစောင့်ကြပ်ကြည့်ရှု ကုသနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ကလေးငယ် ၁၄ ဦး အသည်းရောင် အသားဝါ ကာကွယ်ဆေးထိုးပြီးသည့် နောက်ပိုင်းတွင် ရုတ်တရက်တက်ခြင်း၊ အသက်ရှူကျပ်ခြင်း လက္ခဏာများတွေ့ရကြောင်း၊ ကလေးတစ်ဦးစီ၏ အခြေအနေကို သေချာစောင့်ကြည့်ပြီး လိုအပ်သည့်ကုသမှုများ ပေးခဲ့ကြောင်း၊ ရောဂါပြင်းထန်သော ကလေးများကို ရန်ကင်းကလေးဆေးရုံ၌ ပြုစုစောင့်ရှောက်လျက်ရှိကြောင်းကို ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာမြင့်ဟန်က ပြောသည်။

ကလေးငယ်များကို ဆေးရုံ၌ စောင့်ကြပ်ကြည့် ရှုကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ကလေးငယ်များ၏ အခြေအနေမှာ ထပ်မံဆိုးရွားလာခြင်းမရှိဘဲ တည်ငြိမ်သည့် အခြေအနေရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ကလေးငယ်များကို ထိုးပေးခဲ့သည့် ဆေးဝါးနှင့်ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားရာတွင် အသက်ဇီဝနှင့် ပတ်သက်ပြီး ထုတ်လုပ်ထားသည့် ဆေးများကို WHO က အသိအမှတ်ပြုမှသာ လက်ခံစစ်ဆေးကြောင်း၊ ယခုဆေးသည် WHO ၏ အသိအမှတ်ပြုထားသော ဆေးဖြစ်သည့်အတွက် အန္တရာယ်ကင်းနိုင်သည်ဟု ယူဆနိုင်ကြောင်း၊ သို့သော်လည်း ကလေးငယ်များအား ထိုးခဲ့သောဆေးကို အန္တရာယ်ကင်း၊မကင်း မြန်မာနိုင်ငံ၏ အကောင်းဆုံး ဓာတ်ခွဲခန်း၌ အသေးစိတ် စမ်းသပ်စစ်ဆေးမှု ပြုလုပ်နေကြောင်း၊ စစ်ဆေးနေဆဲဖြစ်သည့် ယခုဆေးကို ရောင်းဝယ်ခြင်းမပြုရန် တားမြစ်ထားပြီး ကလေးငယ်များ ရောဂါဖြစ်ပွားမှုကို ယခုဆေးကြောင့် ဟုတ်၊မဟုတ် ဖော်ထုတ်သွားမည် ဖြစ်ကြောင်း၊ သေချာအောင် ဖော်ထုတ်စစ်ဆေးပြီး ယခုဆေးကြောင့်ဖြစ်ပါက ကုမ္ပဏီကြီးများ၊ WHO နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်လက်ဆောင် ရွက်ရမည့် ကိစ္စရပ်များရှိကြောင်း ပြောကြားခဲ့သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies
ပဲခူးမြို့တွင် မွေးကင်းစ ကလေးငယ်များ ဘီပိုးကာကွယ်ဆေးထိုးနှံပြီးနောက် အသက်သေသည်အထိ ဖြစ်ပွားခဲ့ခြင်းအပေါ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်  ပဲခူးမြို့တွင် မွေးကင်းစ ကလေးငယ်များ ဘီပိုးကာကွယ်ဆေးထိုးနှံပြီးနောက် အသက်သေသည်အထိ ဖြစ်ပွားခဲ့ခြင်းအပေါ် သတင်းစာရှင်းလင်းပွဲ ပြုလုပ် Reviewed by THITHTOOLWIN on 17:59 Rating: 5
Powered by Blogger.