မန္တလေးကျောက်စိမ်းဈေးကွက် တန်ဖိုးနိမ့်ကျောက်များသာ အရောင်းအ၀ယ်ဖြစ်


ယခုရက်ပိုင်းအတွင်း မန္တလေးကျောက်မျက် ရတနာဈေးကွက်၌ ကျောက်စိမ်းဈေးကွက် ပျက်နေပြီး အများအားဖြင့် ကျပ်သိန်းဆယ်ဂဏန်းတန် ကျောက်စိမ်းများသာ အရောင်းအ၀ယ် ဖြစ်နေကြောင်း မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာဈေး ကုန်သည်ပွဲစားများထံမှ သိရသည်။


“တစ်သိန်းကျောက် ၁၀ သိန်းကျောက် ဒါလောက်ပဲ အရောင်းအ၀ယ်ဖြစ်တယ်၊ အရင်လို သိန်းရာထောင်ချီတဲ့ကျောက်က အရောင်းအ၀ယ် မဖြစ်သ လောက်ပဲ၊ ကုန်သည်တွေ ဘက်ကလည်း ဈေးမကြိုက်ရင် ထုတ်မရောင်းဘူး၊ ၀ယ်လက်လည်း မရှိသလောက်ပဲ” ဟု ကျောက်စိမ်းကုန်သည်ကိုမောင် သန်းကပြောသည်။


တရုတ်ဝယ်လက် အားထားနေရသည့် မြန်မာ့ကျောက်စိမ်း ဈေးကွက်သည် တရုတ်နှစ်သစ်ကူး ကာလအတွင်း အရောင်းအ၀ယ်အေးတတ်သည့် သဘောရှိပြီး နှစ်ကူးအပြီး ပြန်လည်ကောင်းမွန် လာတတ်သော်လည်း လက်ရှိတရုတ်ပြည် ပေါ်လစီကြောင့် အရောင်းအ၀ယ် ပျက်ခဲ့ရသည်အထိ ဖြစ်နေ သည်။


“တရုတ်အစိုးရက ချေးငွေထုတ်မပေးလို့က တစ်ကြောင်း ဒီရက်ထဲတရုတ်ငွေဈေး ကျနေတဲ့ အတွက်ကတစ်ကြောင်း ကျောက်စိမ်းဈေးကွက် အေးနေတာပါ၊ ထောင်ချီကျောက်စိမ်းက အရောင်းအ၀ယ်မဖြစ်သလောက်ပါပဲ၊ တရုတ်ဝယ်လက် အားထားနေရတာဆိုတော့ တရုတ်ကမ၀ယ်ရင် အရောင်းအ၀ယ်မဖြစ် ဘူးပေါ့၊ ဈေးနှိမ်ရင်လည်း ဒီကမရောင်းပါဘူး” ဟု ကျောက်စိမ်းအကြမ်းထည် ရောင်းချသူ ကိုသီဟနိုင်ကဆိုသည်။

တရုတ်သမ္မတရှီကျင်းဖျင်လက်ထက် တရုတ်ပြည်သူကို ကျောက်မျက်ရတနာ ဦးစားမပေးဘဲ အခြားသောအမှန်တကယ်လိုအပ်သည့်နေရာများတွင်သာ ငွေလုံးငွေရင်း သုံးစွဲခွင့်ပြုခဲ့ခြင်း၏ ဂယက်ကြောင့်လည်း ပြည်တွင်းကျောက်စိမ်းဈေးကွက် ပျက်ခဲ့ရကြောင်း ကျောက်မျက် ရတနာကုန်သည် ပွဲစားအများစုက ပြောသည်။

ပြည်တွင်းကျောက်စိမ်း ဈေးကွက်တွင် ကျောက်စိမ်းကုမ္ပဏီခြောက်ရာကျော် ခုနှစ်ရာနီးပါးရှိသော်လည်း ၅၀ ကျော်ခန့်သာ လှုပ်လှုပ်ရှားရှားရောင်းဝယ် ဖောက်ကားနေကြကြောင်း သိရသည်။

ကျော်ထွေး
china.com Myanmar
http://myanmar.china.com
မန္တလေးကျောက်စိမ်းဈေးကွက် တန်ဖိုးနိမ့်ကျောက်များသာ အရောင်းအ၀ယ်ဖြစ်  မန္တလေးကျောက်စိမ်းဈေးကွက် တန်ဖိုးနိမ့်ကျောက်များသာ အရောင်းအ၀ယ်ဖြစ် Reviewed by THITHTOOLWIN on 10:55 Rating: 5
Powered by Blogger.