ဒုတိယ သမ္မတများ သတ်မှတ် အရည်အချင်းများဖြင့် ပြည့်စုံကြောင်း စိစစ်ရေး အဖွဲ့ဝင် အများစုမှ ထောက်ခံ ဆုံးဖြတ်ခဲ့

ပြည်သူ့ လွှတ်တော် ၊ အမျိုးသား လွှတ်တော် နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ တို့မှ ဒုတိယ သမ္မတများ အဖြစ် အဆိုပြု ခဲ့သော ဦးထင်ကျော် ၊ ဦးဟန်နရီ ဗန်ထီးယူ နှင့် ဦးမြင့်ဆွေ တို့အား တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

    ဒုတိယ သမ္မတ ၃ ဦးသည် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ အတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံ ကြောင်း စိစစ်ရေး အဖွဲ ဝင် အများစုမှ ထောက်ခံ ဆုံးဖြတ်ခဲ့ပြီး သမ္မတလောင်း ဆိုင်ရာ အချက်အလက် အချို့ အား ပြန်လည် စိစစ်သင့်ကြောင်း ဆွေးနွေးချက်ကို မှတ်တမ်းတင်ထားပြီး ဆက်လက် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ယနေ့ မတ် ၁၄ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။

နိုင်ငံတော် သမ္မတအတွက် သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံခြင်း ရှိ/မရှိ စိစစ်ရေးအဖွဲ့၏ စိစစ်တွေ့ရှိချက်ကို လွှတ်တော်သို့ တင်ပြခဲ့ရာတွင် ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ မှ ဒုတိယ သမ္မတ အဖြစ် အဆိုပြုချက် ခံရသည့် ဦးထင်ကျော်အား စိစစ်ရေး အဖွဲ့ ဆုံးဖြတ်ချက် ရယူရာတွင် စိစစ်ရေး အဖွဲ့ ဝင် ၆ ဦးမှ ထောက်ခံခဲ့ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ မှ ဗိုလ်ချုပ် သန်းစိုးက ထောက်ခံ ၊ ကန့် ကွက်ခြင်း မပြုခဲ့ဘဲ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး မဟုတ်သူ ဖြစ်၍ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက် ခြင်း ဆိုင်ရာ ပုဒ်မများ အရ လွှတ်တော် ရွေးကောက်ပွဲများ၌ ရွေးချယ်ခံပိုင်ခွင့် အတွက် သတ်မှတ်ထားသည့် အရည်အချင်းများကို စိစစ်ရန် လိုအပ်မည်ဟု ယူဆကြောင်း ဆွေးနွေးခဲ့သဖြင့် စိစစ်ရေး အဖွဲ့ ဝင် ၇ ဦး ရှိသည့် အနက် ၆ ဦးမှ ထောက်ခံသဖြင့် နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများအတွက် သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံသူ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ထို့အတူ ရွေးကောက်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ မှ အဆိုပြုသည့် ဦးဟန်နရီ ဗန်ထီးယူကို ဥပဒေနှင့် အညီ စိစစ်ခဲ့ပြီး စိစစ်ရေး အဖွဲ့ ဝင် ၆ ဦးမှ ထောက်ခံ၍ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ မှ ဗိုလ်ချုပ် သန်းစိုးက ကန့် ကွက်မှု ပြုခဲ့ပြီး ဦးဟန်နရီ ဗန်ထီးယူသည် နိုင်ငံခြား၌ မိသားစုနှင့် အတူ ၆ နှစ်ခန့် နေထိုင်ခြင်း နှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် ဆိုသော စကားရပ်ကို အဓိပ္ပာယ် ဖွင့်ဆိုနိုင်ရန် နိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးသို့ မေးမြန်း သင့်ကြောင်း ၊ ၄င်းကိုယ်တိုင်နှင့် ဇနီးတို့ သည် နိုင်ငံခြား၌ မည်သည့် အစီအစဉ်ဖြင့် နေထိုင်သည်ကို နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက် ခြင်း ဆိုင်ရာ ပုဒ်မ ၃ ၊ ပုဒ်မခွဲ စ ပါ အကြောင်းအရာများ အတွက် စိစစ်သင့်သည်ဟု ယူဆကြောင်း ၊ မိမိ အနေဖြင့် သမ္မတလောင်းသည် အထက်ပါ ဥပဒေ ပုဒ်မ နှင့် ညှိစွန်းသည်ဟု ယူဆကြောင်း ဆွေးနွေးခဲ့သဖြင့် စိစစ်ရေး အဖွဲ့သည် သမ္မတလောင်းအား တွေ့ဆုံ စိစစ်၍ အဖွဲ့ ဝင် ၇ ဦး ရှိသည့် အနက် ၆ ဦးမှ ထောက်ခံသဖြင့် သတ်မှတ် အရည်အချင်းနှင့် ပြည်စုံသူ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ထို့ ပြင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ မှ အဆိုပြုခြင်း ခံရသော ဦးမြင့်ဆွေသည် ဥပဒေနှင့် အညီ စိစစ် ခဲ့ရာတွင် သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံသူ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြောင်း ကြေညာခဲ့သည်။

ထို့ ကြောင့် နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်ပွဲကို မတ်လ ၁၅ ရက်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ဒုတိယ သမ္မတ ၃ ဦးအနက် ကြိုက်နှစ်သက်သည့် ဒုတိယ သမ္မတ တစ်ဦးကို နိုင်ငံတော် သမ္မတ အဖြစ် မဲပေး ရွေးချယ် တင်မြှောက် သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ဒုတိယ သမ္မတများ သတ်မှတ် အရည်အချင်းများဖြင့် ပြည့်စုံကြောင်း စိစစ်ရေး အဖွဲ့ဝင် အများစုမှ ထောက်ခံ ဆုံးဖြတ်ခဲ့  ဒုတိယ သမ္မတများ သတ်မှတ် အရည်အချင်းများဖြင့် ပြည့်စုံကြောင်း စိစစ်ရေး အဖွဲ့ဝင် အများစုမှ ထောက်ခံ ဆုံးဖြတ်ခဲ့ Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.