လိုင်စင်မဲ့ စက်ယန္တရားကြီးတွေ တင်သွင်းမှု အရာရှိကြီးတချို့ကို ထုတ်ပယ်

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီးက မှော်ပုံတောင်ကြောမှာ ကုမ္ပဏီတွေကဝှက်ထားတဲ့ ကျောက် တူးဖော်ရေးလုပ်ငန်းမှာအသုံးပြုတဲ့ စက်ယန္တရားများကို တွေ့ရစဉ်။ Photo: Ko Tin Hlaing
ကချင်ပြည်နယ် ဝိုင်းမော်ဒေသအတွင်းရှိ ကျောက်စိမ်းတူးဖော်ရာ နယ်မြေအတွင်း လိုင်စင်မဲ့ စက်ယန္တရားတွေ တင်သွင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ စီးပွားကူးသန်းဌာနက ညွန်ကြားရေးမှူးချုပ်တို့ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

ဒါ့အပြင် အကောက်ခွန်ဌာနက ဝန်ထမ်းတွေနဲ့ စီးပွားကူးသန်းဝန်ကြီးဌာန လက်အောက်ခံ ဝန်ထမ်းတွေကိုလည်း အရေးယူထားတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်၊

"ဖားကန့်ဒေသမှာ စက်န္တရားတွေပြဿနာဖြစ်တဲ့အခါမှာ စုံစမ်းစစ်ဆေးရေးလုပ်တဲ့အခါမှာ မမှန်မကန် လုပ်မှုတွေ ပေါ်ထွက်လာတဲ့အတွက်ကြောင့်မို့လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးကို ကျနော်တို့ ထုတ်ပစ်တဲ့အထိ အရေးယူထားတယ်၊ အကောက်အခွန်က ညွှန်ချုပ်နဲ့ နောက်တစ်ခါ စီးပွားကူသန်းက ညွှန်ချုပ်တစ်ယောက်ကိုလည်း အဲ့အတိုင်းပဲ ရာထူးကနေ ကျနော်တို့ ထုတ်ပယ်တာ လုပ်ထားတယ်၊ ပြီးလို့ရှိရင်တော့ အကောက်အခွန်ဦးစီးဌာနက ဝန်ထမ်း ၁ဝ ယောက်၊ နောက်တစ်ခါ စီးပွားကူးသန်းဘက်က ဝန်ထမ်း ၅ ယောက်ကိုတော့ နိုင်ငံ့ဝန်ထမ်း ဥပဒေနဲ့အညီ ကျနော်တို့ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းအရ အရေးယူတာတွေ လုပ်ထားပါတယ်၊ ဖားကန့်ဒေသမှာ လုပ်ငန်းလုပ်ကိုင် ဆောင် ရွက်တာတွေအားလုံးကို စနစ်တကျရှိဖို့အတွက် တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေရဲ့ နောက် ပြည်နယ်အစိုးရတို့ က ကြပ်မတ်ဆောင်ရွက်ဖို့ဆိုတဲ့ကိစ္စမျိုးတွေ ကျနော်တို့ ဆက်လက်င်္ပြီးတော့ ဆောင်ရွက်သွားမှာပါ"

ဖားကန့် ကျောက်စိမ်းတူးဖော်ရေးဒေသမှာ စက်ယန္တရားအမြောက်အများကို တရားမဝင် တင်သွင်းတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးဇော်သိန်းကိုလည်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ထုတ်ပယ်လိုက်ပြီး ကချင်ပြည်နယ်က ဝန်ကြီး(၃) ဦးအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်တချို့ကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်၊

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ခေါင်းဆောင်တဲ့အဖွဲ့က  ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မြစ်ကြီးနား၊ ကန်ပိုက်တီနဲ့ ဖားကန့်ဒေသမှာ ကွင်းဆင်းစစ်ဆေးခဲ့ပြီးတဲ့နောက် အခုလို အရေးယူတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
လိုင်စင်မဲ့ စက်ယန္တရားကြီးတွေ တင်သွင်းမှု အရာရှိကြီးတချို့ကို ထုတ်ပယ်  လိုင်စင်မဲ့ စက်ယန္တရားကြီးတွေ တင်သွင်းမှု အရာရှိကြီးတချို့ကို ထုတ်ပယ် Reviewed by THITHTOOLWIN on 08:33 Rating: 5
Powered by Blogger.