ပြည်သူ့ရင်ပြင်အတွင်းရှိ မြေ ၃ ဒသမ ၂၈ ဧက တက်သုတ်ရိုက် ငှားရမ်းမှု ရပ်တန့်ပေးရန် တိုင်းလွှတ်တော်ဥက္ကဌမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ စာပို့မည်


ပြည်သူ့ရင်ပြင်အတွင်းရှိ မြေဧက ၃ ဒသမ ၂၈ ဧကကို အငှားချမည့်ကိစ္စအား အစောတလျှင် မပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တိုင်းလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းမှ စာပေးပို့မည်ဖြစ်ကြောင်း NLD ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

“လေးဧကနီးပါးရှိတဲ့မြေကွက်ကို တင်ဒါခေါ်လိုက်တယ်။ ကျွန်တော်တို့သိတဲ့အချိန် တစ်ရက်နှစ်ရက်ပဲရှိသေးတယ်။ ဦးမြင့်သိန်းဆိုတဲ့သူက တင်ဒါအောင်မြင်သွားတယ်လို့ သိရတယ်။ ဘယ်ကုမ္ပဏီကိုတော့ အတိအကျ မပြောနိုင်သေးဘူး။ အဲဒါကြောင့် ရန်ကုန်တိုင်းမှာရှိတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်အားလုံးကလည်း ဒီကိစ္စကို ရပ်ထားဖို့ ဆန္ဒရှိတယ်။ ဥက္ကဌကြီးကလည်း ဒီကိစ္စကို အစောတလျှင်မလုပ်ဖို့ စာပို့မယ်လို့ ပြောတယ်”ဟု မင်္ဂလာတောင်ညွှန်မြို့နယ်၊ တိုင်းဒေသကြီးအမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောသည်။

ပြီးခဲ့သည့်ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစဉ်း အဝေးအစီအစဉ်များတွင် အပန်းဖြေဥယျာဉ်အတွင်းရှိ စိးပွါးရေးအဆောက်အဦးများ၊ ဆိုင်ခန်းများကို အငှားချထားပေးသည့်အတွက် အများပြည်သူများ အပန်းဖြေမည့်နေရာများ ဆုံးရှုံးနေသည့်အပေါ် ဗဟန်းမြို့နယ် အမှတ် (၂) ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက မေးခွန်းများမေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းတို့ ပြုလုပ်ခဲ့သည်။

“ဒီဟာကတော့ တကယ်တော့မဖြစ်သင့်ဘူး။ ပြည်သူ့ရင်ပြင်ဆိုတာ အထင်ကရနေရာပဲ။ ရန်ကုန်မြို့ရဲ့ အထင်ကရကျတဲ့နေရာ။ ဒီနေရာကို မလုပ်စေချင်ဘူး။ အခုသူတို့က တက်သုတ်ရိုက်ပြီး တင်ဒါခေါ်တဲ့ကိစ္စကတော့ တော်တော်ကို စိတ်မတတ်မသာခံစား ရတယ်။ အများနဲ့ သက်ဆိုင်တဲ့နေရတဲ့နေရာဖြစ်တယ်။ တကယ်ဆိုရင် လက်လွတ်စပယ် မလုပ်သင့်ဘူး”ဟု ဦးရန်အောင်က ပြောသည်။

ယင်းသို့ လေလံတင်အငှားချသည့် မြေဧက ၃ ဒသမ ၂၈ ဧက တွင် ပင်မအဆောက်အအုံတလုံး၊ ကားပါကင်၊ မုန့်ဖို ၊ ဂိုဒေါင်ဝင်းနှင့် တောင်ကုန်း ဧရိယာ ၀ ဒသမ ၇၆ ဧက ပါဝင်ကြောင်းသိရပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လေလံဆွဲလိုသူများအား မတ်လ ၁၆ ရက်နေ့က လေလံလျှောက်လွှာများ နောက်ဆုံး လက်ခံခဲ့ကြောင်း သိရသည်။

“အခု တင်ဒါကျသွားပြီလို့ သိရတယ်။ သူတို့ကလည်း လုပ်ကြမှာပဲလေ။ ကျွန်တော်တို့ဘက်ကလည်း လုပ်စရာရှိတာ လုပ်ရမှာပဲ”ဟု တာမွေမြို့နယ် အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ပြည်သူ့ရင်ပြင်အတွင်းရှိ မြေ ၃ ဒသမ ၂၈ ဧက တက်သုတ်ရိုက် ငှားရမ်းမှု ရပ်တန့်ပေးရန် တိုင်းလွှတ်တော်ဥက္ကဌမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ စာပို့မည်  ပြည်သူ့ရင်ပြင်အတွင်းရှိ မြေ ၃ ဒသမ ၂၈ ဧက တက်သုတ်ရိုက် ငှားရမ်းမှု ရပ်တန့်ပေးရန် တိုင်းလွှတ်တော်ဥက္ကဌမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ စာပို့မည် Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.