ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ်မှု နောက်ထပ် ၁၁ ဦးကို ထောင်ဒဏ်တွေ ချမှတ်

ရက္ခိုင့်တပ်မတော် (AA) နဲ့ ဆက်သွယ်တယ်ဆိုပြီး တရားစွဲဆိုခံထားရသူ ၁၁ ဦးကို မတရားအသင်း ဆက်သွယ်မှုဥပဒေနဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တရားရုံးက မတ်လ ၃၁ ရက်နေ့က ထောင်ဒဏ်ချမှတ်လိုက်တဲ့ ၁၁ ဦးကို တွေ့ရစဉ်။ Photo: Kyaw Hlamyint (facebook)
ရက္ခိုင့်တပ်မတော် (AA) နဲ့ ဆက်သွယ်တယ်ဆိုပြီး တရားစွဲဆိုခံထားရသူ ၁၁ ဦးကို မတရားအသင်း ဆက်သွယ်မှုဥပဒေနဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိချမှတ်လိုက်ပါတယ်။

ဒီနေ့အမိန့်ချမှတ်ခံရသူတွေဟာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင် စတဲ့မြို့နယ်တွေက ဖြစ်တယ်လို့ အမိန့်ချမှတ်ခံရသူတွေကို ကူညီပေးနေတဲ့ ကျောက်တော်မြို့ခံ ဦးမောင်အေးစောက ပြောပါတယ်။

"AA ကတပ်ဖွဲ့ဝင်တွေလို့ သံသယနဲ့ဖမ်းဆီးထားတဲ့ လူတွေထဲက ကျနော်တို့ ဒီနေ့ ၁၁ ယောက်ကို ထောင် အသီးသီးချလိုက်လိုက်တာ တွေ့ရပါတယ်၊ ၅ နှစ်ချတဲ့လူက ၆ ယောက်ပါ၊ ၃ နှစ်က ၆ ယောက်ဆိုတော့ ၁၁ ယောက်ပါ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်ဖြူ အဲ့ဒီကလူတွေပါပါတယ်"

ဒီနေ့ အမိန့်ချမှတ်ခံရသူတွေထဲမှာ ပြီးခဲ့တဲ့နှစ် ဧပြီလက ကျောက်တော်မြို့နယ် ပီချောင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူ ၄ ဦးပါဝင်သလို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းက ရမ်းချောင်းဒေသမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူ ၇ ဦး တို့ဖြစ်တယ်လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး AA အဖွဲ့နဲ့ဆက်နွယ်ကြောင်း သံသယနဲ့ ဒေသခံအတော်များများ အဖမ်းခံရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကုန်ပိုင်းက ရမ်းချောင်းဒေသမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂ဝဝ ကျော်ဟာ နီးစပ်ရာကို ထွက်ပြေးခိုလှုံခဲ့ကြရပြီး ဒီနေ့အထိ မူလနေရပ်ကို မပြန်နိုင်ကြသေးပါဘူး။

ကျောက်တော်မြို့နယ်တရားရုံးမှာ တရားစွဲခံထားရသူ နောက်ထပ် ၁၃ ဦးလည်း မတရားအသင်းဆက်သွယ်မှု ပုဒ်မနဲ့ အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ်မှု နောက်ထပ် ၁၁ ဦးကို ထောင်ဒဏ်တွေ ချမှတ်  ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ်မှု နောက်ထပ် ၁၁ ဦးကို ထောင်ဒဏ်တွေ ချမှတ် Reviewed by THITHTOOLWIN on 22:09 Rating: 5
Powered by Blogger.