ဝန်ကြီးလောင်းတွေ ကိုယ်ရေးအကျဉ်း ကြိုစိစစ်ဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်

ဦးကျော်ဝင်း
မကြာခင်ရက်ပိုင်းအတွင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းတော့မယ့် အစိုးရသစ်မှာတဲ့ ၀န်ကြီး ၁၈ ဦးအနက် ၀န်ကြီး ၂ ဦးရဲ့ နိုင်ငံခြားက ရရှိထားတဲ့ ဘွဲ့လွန်လက်မှတ်တွေနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

အမေရိကန်ပြည်ထောင်စုက သူတို့ရရှိတဲ့ဘွဲ့တွေဟာ Diploma Mills လို့ခေါ်တဲ့ ဘွဲ့လက်မှတ်တွေကို ပုံနှိပ်ရောင်းစားနေတဲ့ ဟန်ပြတက္ကသိုလ်တွေထံက ဖြစ်နေတာတွေ့ရပါတယ်။ အခုလို ၀န်ကြီးအသစ်တွေကို ရွေးချယ်ရာ NLD အနေနဲ့ တိကျမှန်ကန်မှုရှိဖို့ ပိုပြီး စိစစ်သင့်တယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ အလုပ်အကိုင်ကောင်းတွေ ရရှိဖို့အတွက် ကြိုးပမ်းရာမှာ Ph.D. စတဲ့ ပါရဂူ ဘွဲ့လွန်လက်မှတ်ရှိထားသူတွေဟာ ပိုမိုအောင်မြင်ဖို့ အလားအလာရှိတဲ့အတွက် အမေရိကန်ပြည်ထောင်စုမှာ Diploma Mills လို့ခေါ်တဲ့ ဘွဲ့လက်မှတ်အတုတွေ ရိုက်နှိပ် ရောင်းချတဲ့ ဟန်ပြကျောင်းတွေဟာ အင်တာနက်တွေ ခေတ်စားလားပြီးတဲနေက်ပိုင်း ဒေါ်လာသန်းနဲ့ချီပြီး ၀င်ငွေတွေ ရရှိနေကြတာပါ။

Dr. John Bear ဟာ ဘွဲ့လက်မှတ်အတု ရိုက်နှိပ်ရောင်းနေတဲ့ စီးပွားဖြစ်လုပ်ငန်းအကြောင်းကို အထူးပြု လေ့လာထားသူ ဖြစ်ပါတယ်။

“ကျောင်းတက်ပြီး ပညာဆည်းပူးခဲ့ကြသူတွေ သိကြတဲ့အတိုင်း ပညာသင်တာ နှစ်နဲ့ချီပြီး သိပ်ကို ကြိုးစားရတာပါ။ အဲဒါတွေအပြီးမှာ နံရံမှာချိတ်ဖို့ ဘွဲ့လက်မှတ် ရကြတာပေါ့။ ဒါက ဘဝမှာ နှစ်ပေါင်းများစွာ ကျောင်းတက်၊ ဒေါ်လာ ထောင် သောင်းချီအကုန်ခံပြီး အပင်ပန်းခံ ယူခဲ့ကြရတာပါ။  Diploma mills ဆိုတဲ့ ဘွဲ့လက်မှတ်တွေကို  ပုံနှိပ်ရောင်းစားတဲ့ ဟန်ပြ ကျောင်းတွေကတော့ အလားတူ ဘွဲ့လက်မှတ်တွေ ထုတ်ပေးပါတယ်။ ဒါပေမဲ့ တကယ် နှစ်နဲ့ချီ မကြိုးစားရဘူး။ တနည်းဆိုတော့ ကိုယ်လိုချင်တဲ့ ဘွဲ့ကို ဘာမှ မမေးမမြန်းပဲ ထုတ်ပေးလိုက်တာပါ။ တချို့ကျတော့ အပြကောင်းအောင် စာမျက်နှာ ဆယ်ရွက်လောက်ရှိတဲ့ စာတမ်းကို တင်ရင် တင်ခိုင်းမယ်။ အများအားဖြင့်ကတော့ ဘွဲ့လက်မှတ်ကို လွယ်လွယ်နဲ့ ထုတ်ပေးလိုက်တာပဲ။ ငွေပေးနိုင်ဖို့ကပဲ အရေးကြီးတာပါ။”

ဘွဲ့လက်မှတ်အတု ရောင်းစားတဲ့လုပ်ငန်းကို အမေရိကန်ပြည်ထောင်စုအတွင်းက တချို့ပြည်နယ်တွေမှာ ဥပဒေအရ တားမြစ်ထားတာ ရှိပေမဲ့ ဗဟိုအစိုးရက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဥပဒေထုတ် တားမြစ်ထားတာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာ အဲဒီလို ဘွဲ့လက်မှတ်အတုတွေ ထုတ်ရောင်းနေတဲ့ ကုမ္ပဏီတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက် နိုင်ငံ့ရဲ့ ပညာအရည်အသွေး ကျဆင်းစေမယ့် စိုးရိမ်မကင်း ဖြစ်မှုကြောင့် အမေရိကန်လွှတ်တော်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၀၄ ခုနှစ်က ကြားနာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အခု ဘွဲ့လက်မှတ်အတု ကိစ္စနဲ့ သတင်းမီဒီယာတွေထဲမှာ အကျယ်တ၀င့် ဖော်ပြခံနေရသူ ၀န်ကြီးလောင်း ၂ ဦးထဲက တဦးဖြစ်တဲ့ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဝင်းက အမေရိကန်နိုင်ငံ အခြေစိုက် Brooklyn Park တက္ကသိုလ်ကနေ Ph.D. ဘွဲ့ကို ဘယ်လို ယူဖြစ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ ဗွီအိုအေကို အခုလို ရှင်းပြခဲ့ပါတယ်။

“ဆရာက လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက အဲဒီမှာပေါ့ အွန်လိုင်း ဒီဂရီတခုကို လိုချင်တာပေါ့။ အဲဒီတော့ ဆရာလိုက်ရှာတော့ Brooklyn Park University တွေ့တယ်။ တွေ့တော့ အဲဒီမှာလည်း ရေးထားတာက US Economic Ensuring Department က လိုင်စင်ထုတ်ပေးတယ်ဆိုတော့ အန်ကယ်လည်း စိတ်ချတာပေါ့နော်။ စိတ်ချပြီး ကြိုးစားတော့လည်း အချိန်ကုန်၊ ငွေကုန်ပေါ့၊ လူလည်းပင်ပန်းပေါ့။ ဒါပေမဲ့ လိုချင်တာလေးတော့ ရတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ အဲဒီကြီးက လက်မှတ်အတုကြီးဖြစ်သွားတော့ စိတ်ထဲမှာလည်း တော်တော်လည်း မကောင်းဘူးပေါ့။ တနုတ်နုတ်နဲ့ ခံစားရတယ်။”

အဲဒီတက္ကသိုလ်ဟာ အမေရိကန်နိုင်ငံအတွင်း ဘွဲ့လက်မှတ်အတုတွေ ထုတ်ရောင်းနေတဲ့ တက္ကသိုလ်တခုဖြစ်ကြောင်း New York Times သတင်းစာကြီးမှာ ဝေဖန် ရေးသားခံခဲ့ရတဲ့ တက္ကသိုလ်တခု ဖြစ်ပါတယ်။ ဘွဲ့လက်မှတ်အတုကိစ္စနဲ့ သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြခံနေရသူ နောက်တဦးဖြစ်တဲ့ NLD ပါတီ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာသန်းမြင့်ကလည်း ဗွီအိုအေကို ရှင်းပြပါတယ်။


“ဒီ ၈၈ နိုဝင်ဘာမှာ ကုလသမဂ္ဂနဲ့ UNDP Specialist နဲ့ Solomon Island ရောက်တော့ ကျနော်က Further study လုပ်ဖို့ နဂိုတည်းက ရည်ရွယ်ထားတယ်ပေါ့နော်။ ဒီတော့ ဒီကြော်ငြာကို Economic စာစောင်မှာ တွေ့တာလေ။ ဟိုရောက်တော့ ကျနော် ချက်ချင်းဆက်သွယ်လိုက်တော့ သူက brochure ပေးတယ်လေ။ အဲတော့ California က ပညာရေးကောင်စီက ထုတ်ပေးထားတာပေါ့လေ။ ကျနော်လည်း MSC ကနေပြီးတော့ ကျနော်တို့ ၂ နှစ်တိတိပေါ့ဗျာ။ သူပေးတဲ့ Course guide ၊ ၁၀ ခရက်ဒစ်လား မသိဘူး လုပ်ရတယ်။ ပြီးတဲ့အခါကျတော့ ကျနော် PHD ကို ထပ်လုပ်တယ်။ Doctorate ပြီးတာက ၁၉၉၉ ကတည်းက ပြီးသွားတယ်ပေါ့ဗျာ။ dissertation paper လည်းတင်ရတယ်။ ခုနက သတ်မှတ်တဲ့ ဒီ ခရက်ဒစ်တွေ အဆင့်ဆင့်လည်း ၁၂ ခုပေါ့ဗျာ ။ အဆင့်ဆင့်လည်း သွားရတာပေါ့နော်။အဲတော့ ကျနော် PHD လုပ်တာ ၆ နှစ်ခွဲလောက်ကြာတယ်ခင်ဗျာ။ ပညာနဲ့ပတ်သက်လို့ အထောက်အထား မှားတယ်ဆို၇င်လည်း ပါတီက ဒါကတော့ ကျနော်တို့ ပညာရေးအထောက်အထားကို သက်ဆိုင်ရာ အမေရိကန် သံရုံးကတဆင့် မေးမယ်ခင်ဗျာ။ မေးလို့ကျနော်တို့က ဒါလုပ်ရတော့မှာပေါ့လေ။ သူက ကန့်ကွက်ရင် defense လုပ်ရတော့မှာပေါ့ဗျာ။”

ဒေါက်တာ သန်းမြင့် Ph. D. ဘွဲ့ရရှိခဲ့တဲ့ Pacific Western တက္ကသိုလ်ဟာ Hawaii ပြည်နယ် အစိုးရက ၂၀၀၆ ခုနှစ်မှာ လုပ်ငန်း လုပ်ပိုင်ခွင့် ရပ်ဆိုင်းခံခဲ့ရသလို ၂၀၀၄ ခုနှစ် ကြားနာစစ်ဆေးပွဲမှာ ထည့်သွင်း စုံစမ်းစမ်းခံရတဲ့ တက္ကသိုလ်တွေထဲမှာလည်း ပါဝင်ပါတယ်။

မြန်မာ့ရေးရာ ကျွမ်းကျင်သူ Prof. David Steinburg ကတော့ NLD - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ၀န်ကြီးအဖြစ် ယာထားသူတွေရဲ့ ကိုယ်ရေးရာဇ၀င်ကို အသေအချာ စိစစ်ဖို့ လိုအပ်တဲ့အကြောင်း ထောက်ပြ ပြောဆိုပါတယ်။

“အမေရိကန်ပြည်ထောင်စုမှာတော့ လူပုဂ္ဂိုလ်တဦးကို အလုပ်ခန့်မယ်ဆိုရင် သင့်တော်တယ် မသင့်တော်ဘူးဆိုတာကို နောက်ခံသမိုင်းကြောင်းကို သေသေချာချာ စိစစ်ကြပါ။ ဒီပုဂ္ဂိုလ် ၂ ဦးအကြောင်းကို ကျနော်မသိတော့ သူတို့ကို ပုဂ္ဂိုလ်ရေးအရ ဘယ်လိုဆိုတာ ကျနော်မပြောနိုင်ပေမဲ့ အခုလို ရွေးချယ်မှုနဲ့ ပတ်သက်လို့တော့ ကျနော်ပြောလိုတာက နောက်ခံသမိုင်းကြောင်းကို သေသေချာချာ မစိစစ်ဘဲ အဲဒီလို ရွေးချယ်မယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ် ဆိုတာပါပဲ။ အခုလို အချိန်က မြန်မာနိုင်ငံအတွက် သိပ်ကို အရေးကြီးနေပြီး၊ အားလုံးက နိုင်ငံ တိုးတက်အောင်မြင်တာကို မြင်လိုကြပါတယ်။ အဟန့်အတားဖြစ်စေမယ့် ကိစ္စမှန်သမျှက ပြဿနာ ဖြစ်ပါတယ်။”

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြုပြီး အနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်တဦးလည်းဖြစ်၊ လက်ရှိ အမေရိကန်နိုင်ငံမှာ အခြေချ နေထိုင်နေသူလည်း ဖြစ်တဲ့ ဒေါက်တာတင့်ဆွေကတော့ NLD ပါတီအနေနဲ့ နောက်တကြိမ် ၀န်ကြီးတွေကို ရွေးချယ်တဲ့အခါမှာ ဒီထက် ပိုပြီး တိကျသေချာအောင် လုပ်ဆောင်ဖို့ လိုအပ်မယ်လို့ ပြောပါတယ်။

“ဒီအချိန်က အပြစ်အနာအဆာကို ဇကာစိပ်ကလေးနဲ့ စစ်သလို စစ်နေကြတဲ့အချိန်မှာ ဖြစ်လာတဲ့ကိစ္စပါ။ နောက် ကာယကံရှင် ပုဂ္ဂိုလ်တွေ ကိုယ်၌က သိသလောက်ပေါ့နော် ရေဒီယိုနဲ့ မီဒီယာမှာ သူတို့ ရိုးသားစွာ ၀န်ခံထားတာတွေလည်း ရှိတဲ့အတွက် ဒီလိုဖြစ်တာတွေကတော့ စိတ်မကောင်းစရာဖြစ်တယ်၊ နောင်ဆိုရင်တော့ ဒီထက်ထိ စနစ်ကျတဲ့ စိစစ်မှုမျိုး ဖြစ်သင့်တယ်လို့ ကျနော် ယူဆပါတယ်။”

ဆလိုင်းရဲမန်ဟာ အမေရိကန်နိုင်ငံ Tennessee Temple တက္ကသိုလ်ကနေ Ph. D. ဘွဲ့ ရရှိထားသူ ဖြစ်ပါတယ်။ သူက အစိုးရ ရာထူးတာဝန် ကြီးကြီးတွေကို ထမ်းဆောင်ကြတော့မယ့် သူတွေအနေနဲ့ မစစ်မှန်တဲ့ လက်မှတ်တွေကို အသုံးမပြုသင့်ဘူးလို့ အကြံပြု ပြောဆိုပါတယ်။

“ဗမာပြည်မှာက ၀န်ကြီးပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ် သူတို့ဝန်ကြီးလုပ်ဖို့အတွက် ဖြည့်စရာ မလိုပါဘူးလို့ ထင်တယ်။ သူတို့ မှားပြီးတော့ မသိဘဲနဲ့ဖြစ်စေ ဒီဂရီယူမိလို့ရှိရင် ကျနော့်အနေနဲ့တော့ လွှင့်ပစ်ယုံပဲ ရှိတယ်လေ။ ဒါ သူတို့ကို အထင်သေးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ Academic Degree ဆိုတာကတော့ ကိုယ်ကြိုးစားမှပဲရတဲ့ဟာမျိုးဆိုတော့ လူကြီးပုဂ္ဂိုလ်တွေကတော့ မထည့်သင့်ပါဘူး ထင်ပါတယ်။”

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးထင်ကျော်က လွှတ်တော်ကို တင်သွင်းထားတဲ့ ၀န်ကြီးလောင်းတွေရဲ့ အမည်စာရင်းကို လွှတ်တော် စိစစ်ရေးကော်မတီက အရည်အချင်းပြည့်မှီခြင်း ရှိမရှိ စစ်ဆေးပြီးတဲ့နောက် ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲ အတည်ပြုသွားဖို့ ရှိပါတယ်ခင်ဗျား။

ကိုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဝန်ကြီးလောင်းတွေ ကိုယ်ရေးအကျဉ်း ကြိုစိစစ်ဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်  ၀န်ကြီးလောင်းတွေ ကိုယ်ရေးအကျဉ်း ကြိုစိစစ်ဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ် Reviewed by THITHTOOLWIN on 08:41 Rating: 5
Powered by Blogger.