NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မွန်အမျိုးသားနေ့ သဝဏ်လွှာတွင် ဖက်ဒရယ်စနစ်ကို အဓိက ထည့်သွင်း ပြောကြား


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မွန်အမျိုးသားနေ့အတွက် ပေးပို့သည့် သဝဏ်လွှာတွင် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို အဓိကထား ထည့်သွင်း ပြောကြားလိုက်သည်။

ဖေဖော်ဝါရီ ၂၄ ရက် ( ယနေ့တွင် ) ကျရောက်မည့် ၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့သို့ ပေးပို့သည့် ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“တကယ်တော့ ဖက်ဒရယ် ပြည်ထောင်စုဆိုတာ ရုပ်ဝတ္ထုသဘော ဆက်စပ် ပေါင်းစည်းခြင်း ဆိုတာထက် စိတ်ဓာတ်ကို အခြေခံပြီး စုဖွဲ့ တည်ထောင်ရတာ ဖြစ်တယ်လို့ နားလည်မိပါတယ်။ ကျွန်မတို့ ပြည်ထောင်စုသားများဟာ အခုလို အမျိုးသားနေ့များ ကျင်းပပြီး အမျိုးသားရေး လက္ခဏာ ရပ်တွေကို မတိမ်ကော မပပျောက်အောင် ကြိုးပမ်းဆောင်ရွက်ရုံမက ပြည်ထောင်စုကြီး တစ်ခုလုံးရဲ့ မိသားစုအသွင်ကို ထိန်းဖို့ ကြိုးစားတာဟာ အလွန်အနှစ်သာရ ရှိလှပါတယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၄ ရက်တွင် ကျရောက်သည့် ၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) ကို မွန်ပြည်နယ်၊ ဘီလူးကျွန်းချောင်းဆုံ၌ ကျင်းပခဲ့ပြီး မွန်ပြည်နယ်နှင့် အခြားမွန်ဒေသရှိ မြို့နယ်များ တွင်လည်း မြို့နယ်၊ ကျေးရွာအလိုက် ကျင်းပခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ မွန်တွေက မွန်အမျိုးသားနေ့ ရောက်ရင် အိမ်တိုင်းစေ့ အလံတွေ လွှင့်တယ်။ အာဇာနည်တွေကို ရည်မှန်းပြီး ဘုန်းကြီး ဆွမ်းကပ်တယ်။ မွန်အမျိုးသားနေ့ကို မွန်တွေရှိတဲ့ ဘယ်နေရာမှာမဆို ကျင်းပတယ်။ တစ်ယောက်တည်း ရှိရင် တစ်ယောက်တည်း ကျင်းပတယ် ” ဟု မွန်လူမှုအခြေပြု အသင်းမှ ဒါရိုက်တာ နိုင်အောင်သန်းလွင်က ပြောသည်။

ပထမ ဟံသာဝတီ မင်းနေပြည်တော် စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆ ခုနှစ် (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို အစွဲပြုကာ မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပြီး လွတ်လပ်ရေး ရသည့်နှစ် ၁၉၄၈ ခုနှစ်တွင် စတင် ကျင်းပခဲ့ကြကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မွန်အမျိုးသားနေ့ သဝဏ်လွှာတွင် ဖက်ဒရယ်စနစ်ကို အဓိက ထည့်သွင်း ပြောကြား NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မွန်အမျိုးသားနေ့ သဝဏ်လွှာတွင် ဖက်ဒရယ်စနစ်ကို အဓိက ထည့်သွင်း ပြောကြား Reviewed by THITHTOOLWIN on 17:24 Rating: 5
Powered by Blogger.