NLD CEC အစည်းအဝေး ပါတီ တွင်းကိစ္စသာ ဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ Photo: Win Ko Ko Latt/ RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဒီကနေ့ ကျင်းပခဲ့ရာမှာ၊ အစိုးရ ဖွဲ့ရေး၊ ၅၉ (စ) ဆိုင်းငံ့ရေးကိစ္စတွေ မပါဝင်ဘဲ၊ ပါတီတွင်း ကိစ္စတွေသာ ဆွေးနွေးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန် က ပြောပါတယ်။

နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီစံအိမ်မှာ NLD ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်တွေ ရဲ့ ဆွေးနွေးပွဲအပြီးမှာ ဦးထွန်းထွန်းဟိန်က သတင်းထောက် တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

"အခုဟာက ကောလဟာလတွေကအများကြီးပဲလေ၊ NLD က ၅၉ ( စ )ပြင်ဖို့၊ ပြင်နိုင်ဖို့ အများကြီးပဲ အန်ကယ်တို့ပြောတာက၊ အဲ့ဒါတွေကိုအကုန်လုံး လိုက်ပြီးပြောနေမယ် ဆိုရင်တော့ ပြီးဆုံးမှာမဟုတ်ဘူး၊ အန်ကယ်တို့ ဒီနေ့ဆွေးနွေးတာက ပုံမှန်အစည်းဝေး ပါပဲ၊ အန်ကယ်တို့ ပါတီထဲမှာလုပ်စရာရှိတဲ့ ကိစ္စတွေကို အန်ကယ်တို့ ဆွေးနွေးတာပဲဖြစ် ပါတယ်"

နှစ်ပတ်တစ်ကြိမ်ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်နဲ့ ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဒေါက်တာဒေါ်မေ၀င်းမြင့်၊ ဒေါ်နန်းခင်ထွေးမြင့် တို့အပါအ၀င် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ၁၅ ဦးလုံး တက်ရောက်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲမှာ နေရာအများဆုံးအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကနေ ရွေးချယ်ပေးရမယ့် ဒုတိယ သမ္မတလောင်း ၂ ဦး တင်မြှောက်ခွင့် ရရှိထားပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားအစုအဖွဲ့ တစ်ခုချင်းစီက ဒုတိယသမ္မတလောင်းတွေ ရွေးချယ်ပြီး အဲဒီထဲကနေ နိုင်ငံတော်သမ္မတ ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

သမ္မတနဲ့ ဒုတိယလောင်းအမည်စာရင်းတွေကို လာမယ့် မတ်လ ၁၇ နေ့မှာ ပြုလုပ်မယ့် သမ္မတနဲ့ ဒုတိယသမ္မတလောင်း ရွေးချယ်ရေးအစုအဖွဲ့အစည်းအဝေးမှာ တင်သွင်းရမှာ လည်း ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
NLD CEC အစည်းအဝေး ပါတီ တွင်းကိစ္စသာ ဆွေးနွေး  NLD CEC အစည်းအဝေး ပါတီ တွင်းကိစ္စသာ ဆွေးနွေး Reviewed by THITHTOOLWIN on 04:46 Rating: 5
Powered by Blogger.