နိုင်ငံရေးဆိုတာ ညစ်ပတ်တဲ့ ကစားပွဲလား [သရ၀ဏ်(ပြည်)]


နိုင်ငံရေးလောကတွင် တကမ္ဘာလုံးက ပြောစမှတ်ပြုကြသည့်စကားတခွန်းရှိသည်။ ထိုစကားမှာ Politics is a dirty game ဟူ၍ဖြစ်သည်။ နိုင်ငံရေးသည် ညစ်ပတ်သည့်ကစားပွဲဖြစ်သည်ဟူ၍ ဖြစ်သည်။ နိုင်ငံရေး ဆိုသည်မှာ စစ်တုရင်ကစားသလို လေအေးပေးစက်တပ်ထားသော အခန်းထဲမှာ သက်သောင့်သက်သာ အမြဲတမ်းကစားရတာမဟုတ်။ ဘောလုံးပွဲလို အချိန်အကန့်အသတ် စည်းမျဉ်းအတိအကျ၊ ဒိုင်လူကြီးနှင့်ကစားရ တာမဟုတ်။ လက်ဝှေ့ပွဲလို ခါးအောက်ပိုင်းမထိုးကြေးဟု သဘောတူထားသည်မဟုတ်။ အာဏာရဖို့၊ မိမိအဖွဲ့အသာစီးရဖို့၊ မိမိနိုင်ငံအကျိုးရှိဖို့၊ မိမိပြည်နယ်ကောင်းဖို့၊ မိမိလူမျိုးအကျိုးရှိဖို့ နည်းမျိုးစုံဖြင့် ကြိုးပမ်းလေ့ ရှိကြသောကြောင့် ဖြစ်သည်။ ထိုအထဲတွင် ကောင်းတာရော ဆိုးတာရော၊ တရားတာရော မတရားတာရော ပါဝင်လာနိုင်သဖြင့် နိုင်ငံရေးသည် ညစ်ပတ်သည့်ကစားပွဲဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ စင်စစ် နိုင်ငံရေးကိုယ် ၌က ညစ်ထေးယုတ်မာသည်မဟုတ်၊ လုပ်ကြကိုင်ကြသည့် နည်းလမ်းများနှင့် လူသားများက ယုတ်မာညစ်ထေးကြခြင်းဖြစ်သည်။

ယခုလည်းလာပြန်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကို အတားအဆီးဖြစ်နေသည့် ဖွဲ့စည်းပုံအခြခံဥပဒေ ပုဒ်မ ၅၉(စ)ကို လွှတ်တော်တွင် ဆိုင်းငံ့မည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးအပေးအယူ ကစားကွက်များစွာ ပေါ်ထွက်နေကြောင်း သတင်းကြားရပါသည်။ အများ သိကြသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးကြီးသော ပြဋ္ဌာန်းချက်တရပ်ကို ပြင်ဆင်လိုလျှင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းသည် အဆုံးအဖြတ်ပေးနိုင်သော အင်အားစုအဖြစ် လွှတ်တော်ထဲတွင် ၀င်ထိုင်နေပါသည်။ ပြင်ချင်သမျှ၊ ဖျက်ချင်သမျှ တပ်မတော်သဘောမတူပါက ဘာမှလုပ်၍မရပါ။ သို့သော် ပုဒ်မတခုကို ဆိုင်းငံခြင်းကိစ္စတွင်တော့ တပ်မတော်သည် ၀င်၍ကဖျက်ကယက်မလုပ်နိုင်ပါ။ ပြည်ထောင်စုလွှတ်တော် တွင်များရာဆန္ဒမဲဖြင့် ဆုံးဖြတ်၍ရပါသည်။ ဆန္ဒခံယူပွဲလည်း လုပ်စရာမလိုပါ။ ထို့ကြောင့် NLD အမတ်များလွှမ်းမိုးထားသော ပြည်ထောင်စုလွှတ်တော်ကြီးအနေဖြင့် ပုဒ်မ ၅၉(စ) ဆိုင်းငံ့ခြင်းကို လွယ်လွယ်ကူကူ လုပ်လို့ရသည်ဟု သာမန်အားဖြင့် ထင်စရာဖြစ်သည်။ စာတွေ့အရပြောရလျှင်လည်း NLD သည် ထိုသို့လုပ်၍ရပါသည်။ သို့သော် နောက်ဆက်တွဲပြဿနာပေါင်းသောင်းခြောက်ထောင်ရှိသည်။ ထိုကိစ္စသည် ငှက်ပျောသီး အခွံနွှာစားရတာလောက် မလွယ်ကူပါ။ တပ်မတော်က သဘောမတူလျှင် ပြဿနာရှည်လာနိုင်သည်။ တပ်မတော်နှင့် ညှိနှိုင်းတိုင်ပင်သဘောတူ ခြင်းမရှိဘဲ ဇွတ်အဆိုတင်ဆုံးဖြတ်မည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တခုကို ဆိုင်းငံ့နိုင်သောအာဏာ ပြည်ထောင်စုလွှတ်တော်မှာရှိမရှိ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ပေးပါရန်ဟူသော အဆိုပြုချက် တပ်မတော်ဘက်မှ တက်လာနိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ တခုခုကို ဆိုင်းငံ့ပိုင်ခွင့်ရှိမရှိဆိုသောဥပဒေကြောင့် အငြင်းပွားမှုဖြစ်လာ မည်။ ထိုအခါ လောလောဆယ်အာဏာရှိနေသေးသော ယခင်အစိုးရ လက်ထက်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ အမှုကရောက်သွားမည်။ သမ္မတမတင်မြှောက်နိုင်၊ အစိုးရအသစ်မဖွဲ့နိုင်သေးဘဲ အချိန်တွေကုန်ကာ ဇာတ်မျောနေမည်။ ငြင်းကြခုံကြ ဆွေးနွေးကြတာတွေ အချိန်အကြာကြီး ဖြစ်မည်။ နောက်ဆုံးတွင် လူဟောင်းများဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတခုကို ဆိုင်းငံ့ခြင်းမပြုနိုင် ကြောင်း ဥပဒေစကားလုံးများ၊ အကိုးအကားအထောက်အထားများဖြင့် ဆုံးဖြတ်မည်။ ထိုအခါ ဈေးဦးလန်သလို NLD အများစုပါဝင်သော လွှတ်တော်တွင် NLD ကတင်သောအဆိုတခု စတင်ရှုံးနိမ့်မည်။ နိုင်ငံရေးအညွန့်ကျိုးသွားမည်။ ထိုအချက်ကို ဒေါ်အောင်ဆန်းစုကြည်သည် ဖြစ်ချင်ပုံမရပါ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ရေးကို တဖက်က ကြိုးစားရင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သဘောတူ လက်ခံလာစေရေးကို တဖက်က ကြိုးစားနေခြင်းဖြစ်နိုင်ပါသည်။ တပ်မ တော်ကသာ ဆိုင်းငံ့ရေးအဆိုကို လက်ခံသဘောတူသည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဆီသို့လည်း ရောက်စရာမရှိ၊ ပြည်သူ့ဆန္ဒခံယူပွဲလည်း လုပ်စရာမလို၊ နေပြည်တော်လွှတ်တော်ထဲမှာပင် ဆုံးဖြတ်ချက်ချလျက် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လာနိုင်ပါသည်။

ထိုအတွက် ပေးဆပ်ရသည်များလည်း ရှိလာပေမည်။ တပ်မတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ် စသော တိုင်းဒေသကြီးတခု၊ ပြည်နယ်သုံးခုတို့၏ ၀န်ကြီးချုပ်နေရာကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များထဲမှ ခန့်အပ်ပေးရန် လိုချင်နေသည်ဟု သတင်းများထွက်ပေါ်နေပေသည်။ ထိုသတင်းကို တပ်ဘက်ကလည်း ငြင်းဆိုခြင်းမရှိသောကြောင့် အတည်ဟုပင် ယူဆမိ သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုလျှင် တပ်မတော်သည် ထိုသို့တောင်းဆိုခွင့်မရှိပါ ။ ပြည်နယ်ခုနစ်ခု၊ တိုင်းဒေသကြီးခုနစ်ခု၏ ၀န်ကြီးချုပ်ဆယ့်လေးဦးရာထူးများ ဘယ်သူ့ကိုပေးမလဲဆိုတာ သမ္မတကသာ ရာထူးခန့်ထားရေးကို ဆုံးဖြတ်ရမည့်သူဖြစ်သည်။ ထိုဝန်ကြီးချုပ် သည် ပြည်နယ်နှင့်တိုင်းလွှတ်တော်များတွင် ရွေးကောက်ခံရသော အရပ်သားလွှတ်တော်အမတ်များသာ ဖြစ်သင့်သည်မှာ ငြင်းမရသောအချက် ဖြစ်သည်။ ပြည်သူလူထုသည် စစ်သားများ အုပ်ချုပ်ရေးအကြီးအကဲ မဖြစ်စေလိုတော့သောကြောင့်သာ NLD ကို မဲပေးခဲ့ခြင်းဖြစ်သည်။ ယခု သော် NLD သည် တပ်မတော်ထံမှ လိုချင်တာတခုရှိနေသောကြောင့် တပ်ကလည်း အညှာကိုကိုင်ကာ သူလိုချင်တာကို ပြန်တောင်းခြင်းဖြစ်သည်။ သူတို့တောင်းဆိုထားသောဒေသများသည် မြန်မာနိုင်ငံတွင် အရေးအပါဆုံး ဒေသများဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်း၊ စက်မှုဇုန်မြေကွက်များ၊ အထပ်မြင့်အဆောက်အအုံများ၊ သီလ၀ါအထူးစီးပွားရေးဇုန်၊ စီးပွားရေးပါမစ်များ၊ ကန်ထရိုက်စာချုပ်များ၊ အိမ်ရာစီမံကိန်းများစသော အရေးပါသော စီးပွားရေးစားကွက်များနှင့်ပြည့်နှက်နေသည့် ရန်ကုန်မြို့၏အုပ်ချုပ်ရေးသာ အရပ်သား NLD ၀န်ကြီးချုပ်လက်ထဲသို့ရောက်သွားလျှင် ယခင်က မိမိတို့အချင်းချင်း လက်ဝါးရိုက်၍ ခွင်ချထားခဲ့သောစားကွက်များသည် ကစားလက်စ၊ စစ်တုရင်ခုံကို ဆွဲလှန်မှောက်ခံလိုက်ရသကဲ့သို့ အကျိုးစီးပွားပျက်စီးတော့မည်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရာထူးကို တပ်မတော်သားတယောက်လက်ထဲသို့ ဆက်လက်တာဝန်ယူလိုခြင်းမှာ နိုင်ငံကောင်းစားရေးနှင့်မဆိုင်သော ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒသာဖြစ်သည်။ ကချင်ပြည်နယ်မှာတော့ အားလုံးသိကြသည့်အတိုင်း ကျောက်စိမ်းပြဿနာတက်နေသည်။ လောဘဇောတိုက်ကာ တူးကြဖော်ကြ လူတွေသေကြ၊ စည်းမရှိကမ်းမရှိခွင့်ပြုထားကြ၊ အခွန်ရှောင်ကြ၊ လက်သိပ်ထိုးပါမစ်ချပေးကြ၊ နိုင်ငံခြားသားတရုတ်များ နောက်ကွယ်မှ လွှမ်းမိုးကြိုးကိုင်ကြသည့် ပြဿနာများစွာရှိနေသည်။ အရပ်သားဝန်ကြီးချုပ်လက်အောက်သို့ ရောက်သွားလျှင် ယခင်က မသမာမှုများ ဘူးပေါ်သလို ပေါလောပေါ်လာဖို့ရှိသည်။ ဖုန်းမရဖိမရနိုင် သောကိစ္စများ ရှိသည်။ တဖက်တွင်လည်း KIA, KIO အဖွဲ့များနှင့် စစ်ရေးတင်းမာမှုရှိနေသည်ဖြစ်ရာ စစ်တိုက်ရာတွင် အရပ်သားဝန်ကြီးချုပ် ရှိနေလျှင် လူ့အခွင့်အရေးကိစ္စတွေ၊ ဂျီနီဗာကွန်ဗန်းရှင်းကိစ္စတွေ၊ ထင်ရာစိုင်း၍မရသောကိစ္စတွေ ရှိလာပေမည်။ ထို့ကြောင့် ကချင်ပြည်နယ်၏ ၀န်ကြီးချုပ်ရာထူးကိစ္စကို တပ်က ဆက်ယူထားချင်သည်။ ရှမ်းပြည်နယ်သည်လည်း ထိုနည်းနှင်နှင်ပင်။ တိုက်ပွဲတွေဖြစ်နေသည်။ မိုးမိတ်လို၊ မိုင်းရှူးလို ပတ္တမြားထွက်သောနေရာတွေ ရှိနေသည်။ နယ်စပ်ကုန်သွယ်ရေးတွေရှိနေသည်။ သဘာဝသယံဇာတတွေ ထွက်နေသည်။ သစ်လုပ်ကွက်တွေရှိနေသည်။ ရခိုင်ပြည်နယ်မှာတော့ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်တွေ ရှိနေသည်။ နှစ်စဉ်ဒေါ်လာဘီလျံနှင့်ချီသော စာချုပ်များရှိနေသည်။ ရေနက်ဆိပ်ကမ်းစီမံကိန်းလို တရုတ်နှင့်ဖက်စပ်စီမံကိန်းကြီးတွေရှိနေသည်။ အစိုးရတပ်မတော်ကို လက်နက်စွဲကိုင်ရင်ဆိုင် တိုက်ခိုက်နေသော AA လို ရခိုင့်တပ်မတော်ရှိနေသည်။ တိုက်ပွဲများ ကြိုးကြားကြိုးကြားရှိနေသည်။ ထို့ကြောင့် ဤဒေသ၏အာဏာအရှိဆုံးဝန်ကြီးချုပ်ရာထူးကို တပ်မတော်က ရလိုသည်။ ထို့ကြောင့် ထိုနေရာ လေးနေရာ ၀န်ကြီးချုပ်ရာထူးကိုပေးဖို့ တပ်မတော်က ဈေးခေါ်သည်။ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ၅၉(စ) ဆိုင်းငံပေးရေးကိုသဘောတူဖို့ ပြန်လည်ဈေးညှိသည်။ လောလောဆယ်တော့ ဈေးမတည့်သေး။ နှစ်ဖက်စလုံးက အရောင်းအ၀ယ်ဖြစ်ချင်ဇောနှင့်ညှိကြမှာ သေချာသည်။ နောက်ဆုံးတွင် ဈေးနည်းနည်းဆစ်ကြပြီး အပေးအယူဖြစ်ကြမှာ သေချာ၏။

ထိုမဟာဗျူဟာလေးနေရာ၏ ၀န်ကြီးချုပ်ရာထူးများကို ပေးလိုက်ရသောအခါ တိုင်းပြည်က ဘာပြန်ရမည်နည်း။ မြန်မာက လိုလားနေသော၊ ကမ္ဘာက လိုလားနေသော ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ခွင့် ငါးနှစ်ရလာနိုင်သည် (တပ်မတော်က အပေးအယူကိုသဘောတူလျှင်)။ လူထုခေါင်းဆောင်အရပ်သားပညာတတ်တဦး ၁၉၆၂ မှစကာ ပထမဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်လာနိုင်သည်။ ထိုအခါ ကမ္ဘာတွင် ပေါက်ရောက် လေးစားလက်ခံသော သူမ၏ပုံရိပ်ကိုအသုံးချကာ မြန်မာနိုင်ငံကြီးကောင်း စားရေးအတွက် ဆောင်ရွက်နိုင်သည်များလည်း ရှိပါသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်။ နိုင်ငံတကာနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်လာနိုင်မည်။ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တို့နှင့်ချိတ်ဆက်ပြီး အောက်ခြေမြန်မာပြည်သူလူထု တိုးတက်ကြီးပွားရေး စီမံကိန်းများကို ချမှတ်ဆောင်ရွက်လာနိုင်မည်။ ယိုင်နဲ့နေသော တရားရေးမဏ္ဍိုင်ကို တည့်မတ်အောင် ကြိုးစားလာနိုင်သည်။ ပွင့်လင်းမြင်သာမှု ယခင်က ထက်ပိုရှိလာနိုင်သည်။ မြန်မာ၏သြဇာအရှိန်အဟုန်သည် အာဆီယံနိုင်ငံများအတွင်း ကြီးမားလာနိုင်သည်။ နိုင်ငံတကာဆက်ဆံရေး ပိုမိုကောင်းမွန်လာနိုင်သည်။ ပြည်ပရောက်မြန်မာများအရေးကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လာနိုင်မည်။ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်မှစကာ ပညာရေးနှင့် ကျန်းမာရေးဘတ်ဂျက်များ တိုးမြှင့်သုံးစွဲလာနိုင်သည်။ (၂၀၁၅-၂၀၁၆ ဘတ်ဂျက်ကတော့ ကြံ့ခိုင်ရေးလွှမ်းမိုးသော လွှတ်တော်စိတ်တိုင်း ကျရေးဆွဲအတည်ပြုသွားလေပြီ)။ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လျှင် ကောင်းကွက်တော်တော်များများ ရှိပါသည်။

၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက် (လွန်ခဲ့သော ၆၉ နှစ်ခန့်က)က ချင်း၊ ကချင်၊ ရှမ်း စသည့်တောင်ပေါ်သား တိုင်းရင်းသားခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်အားကိုးကာ ဗြိတိသျှတို့နှင့် လက်မတွဲပဲ၊ ဗမာပြည်မအစိုးရနှင့်လက်တွဲ၍ လွတ်လပ်ရေး အတူတကွရယူမည်ဟု သဘောထားပေးကာ သမိုင်းတွင်သော ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ဖူးသည်။ ထိုနေ့သည် ပြည်ထောင်စုနေ့ဟု အမည် တွင်ပေ၏။ ပြောရလျှင် တိုင်းရင်းသားတို့သည် ဗိုလ်ချုပ်အောင်ဆန်းကို ယုံသဖြင့်၊ ဗမာများကိုယုံသဖြင့် သူတို့ကံကြမ္မာကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာများလက်သို့ အပ်လိုက်ခြင်းဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းသည်လည်း အလွန်ရဲရင့်ဖြောင့်မတ်သော ခေါင်းဆောင်ကောင်းတယောက်ဖြစ်သည်နှင့်အညီ ဗမာရယ်၊ တိုင်းရင်းသားရယ်၊ စစ်တပ်ရယ်မခွဲဘဲ အားလုံးအကျိုးရှိအောင်ဆာင်ရွက်လိမ့်မည်မှာ သံသယ မရှိအောင် သေချာလှ၏။ သို့သော် ပင်လုံစာချုပ်လက်မှတ်ထိုးပြီး ငါးလနှင့်ခုနစ်ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်ခဲ့၏။ ဗိုလ်ချုပ်နေ၀င်းနှင့် နောက်လူတို့သည် ဗိုလ်ချုပ်အောင်ဆန်းလက်နှင့်ရေးခဲ့သော ပင်လုံစာချုပ်၏ အနှစ်သာရများကို ခြေနှင့်နင်းခြေဖျက်ဆီးခဲ့၏။ ဗမာလည်း မကောင်းစား၊ ရှမ်းလည်းမကောင်းစား၊ ကချင်လည်းမကောင်းစား၊ ချင်းလည်းမကောင်းစားသော စစ်အာဏာရှင်ဝါဒကို ထူထောင်ခဲ့၏။ ယနေ့အထိ ထိုဝါဒသည် အမြစ်တွယ်နေဆဲဖြစ်သည်။ တိုင်းရင်းသားတို့သည် ဗမာလူမျိုးများကို အမြင်မကြည်မလင်ရှိကြ၏။ လူမျိုးကြီးဝါဒကိုကျင့်သုံးနေသည်ဟု ထင်မြင်ကြ၏။ သို့သော် စစ်အာဏာရှင်စနစ်အောက်တွင် ဗမာလူမျိုးလည်း ရှေ့တန်းမှ ခါးစည်းဒုက္ခခံနေကြရသည်ဆိုတာသိသော တိုင်းရင်းသားများကား နည်းပါးလှသည်။ နိုင်ငံရေးအကျဉ်းသားများကို လူမျိုးစုအလိုက် အချိုးချကြည့်လျှင် ဗမာလူမျိုးက များပါသည်။ အသက် စွန့်ခဲ့သူများတွင်လည်း ဗမာကမနည်းလှပါ။ အများစုဖြစ်သည်။ ထို့ကြောင့် စနစ်မကောင်းသောအခါ ဗမာသည် အခွင့်ထူးခံမဟုတ်ကြောင်း သိစေအပ်၏။ တိုင်းရင်းသားတို့ ယုံကြည်ချက်ကိုဖျက်သူမှာ ဗမာလူမျိုးမဟုတ်၊ စစ်အာဏာရှင်များသာဖြစ်ပါသည်။

ယခုအခါ မြန်မာနိုင်ငံကြီးကောင်းစားဖို့ ရန်ကုန်တိုင်းအတွင်းမှ ဗမာအပါအ၀င် တိုင်းရင်းသားပေါင်းစုံ ကချင်၊ ချင်းနှင့် ရခိုင်တို့ အနစ်နာခံရမည့်သဘောမျိုး သမိုင်းတကျော့ပြန်ဖြစ်နေပါသည်။ ဒေါ်အောင်ဆန်း စုကြည်သမ္မတဖြစ်ရေးအတွက် အထက်ပါဒေသများတွင် တပ်မတော်သားဝန်ကြီးချုပ်ဖြစ်ရေး လဲလှယ်ရမည်ကဲ့သို့ အခြေအနေရှိနေပါသည်။ တကယ်ဟုတ်မဟုတ်တော့ စောင့်ကြည့်ရမည်။ ဟုတ်ခဲ့လျှင် အလျော် ရှိသလို၊ အစားရှိသည်။ ကောင်းကွက်ရှိသလို၊ ဆိုးကွက်လည်း ရှိလာပေလိမ့်မည်။ တကယ်တမ်းသာ တိုင်းပြည်ကောင်းဖို့အတွက် လဲရမည်ဆိုပါက ရဲရဲဝံ့ဝံ့လဲလှယ်ဖို့ ကျွန်တော်တောင်းဆိုပါသည်။ မြန်မာနိုင်ငံတွင် ခေါင်းဆောင်ကောင်းတယောက် သမ္မတဖြစ်ဖို့ဆိုလျှင် တပ်မတော်သား ၀န်ကြီးချုပ်လက်အောက်တွင် မကြိုက်သော်လည်း နောက်ငါးနှစ် ကျွန်တော်တို့နေမည်။ တိုင်းပြည်ကိုသာ ဒေါ်အောင်ဆန်းစုကြည်က ကောင်းအောင်လုပ်ပါ။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းလက်ထက်တွင်တော့ တိုင်းရင်းသားတို့ ဘ၀နှင့်ရင်းကာ လောင်းကြေးထပ်ခဲ့သော ပင်လုံစာချုပ်သည် ငါးလနှင့် ခုနစ်ရက်အကြာမှာပဲေ၀၀ါးပျက်ပျယ်သွားခဲ့ရသည်။ ယခုအခါ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လက်ထက်တွင် သမိုင်းတပတ်ပြန်လည်လာပါပြီ။ လက်မှတ်ထိုးပြီး ငါးလအကြာတွင် မမျှော်လင့်ဘဲ ခရီးရှည်ထွက်ခွာသွားခဲ့ရသည့်ဖခင်ဖြစ်သူ လက်စမသတ် နိုင်သေးသောလုပ်ငန်းတာဝန်ကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အောင်မြင်အောင် ဆက်လက်လုပ်ဆောင်နိုင်ပါစေဟု ဆန္ဒပြုပါသည်။ မည်သို့သောအပေးအယူလုပ်သည်ဖြစ်စေ တိုင်းရင်းသားပြည်သူအားလုံး ၏မျက်နှာကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကြည့်လိမ့်မည်ဟုယုံကြည်ပါသည်။ အနာဂတ်မြန်မာနိုင်ငံတွင်
စစ်အာဏာရှင်စနစ်ကျဆုံးပါစေ။
ဒီမိုကရေစီအောင်မြင်ပါစေ။
ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ပါစေ။

နိုင်ငံရေးသည် ညစ်ပတ်သောကစားပွဲဖြစ်သဖြင့် ညစ်ပတ်သောအပေးအယူများကို သဘောပေါက်နားလည်၍ တိုင်းပြည်အတွက် အကောင်းဆုံး ဆုံးဖြတ်နိုင်ပါစေသတည်း။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နိုင်ငံရေးဆိုတာ ညစ်ပတ်တဲ့ ကစားပွဲလား [သရ၀ဏ်(ပြည်)]  နိုင်ငံရေးဆိုတာ ညစ်ပတ်တဲ့ ကစားပွဲလား [သရ၀ဏ်(ပြည်)] Reviewed by THITHTOOLWIN on 06:28 Rating: 5
Powered by Blogger.