ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးမောင်အေးအပါအ၀င် လူသုံးဦးကို မတရားအသင်း အက်ဥပဒေဖြင့် အမှုဖွင့်


ကျောက်ဖြူ၊ ဖေဖော်ဝါရီ ၂၂

ရက္ခိုင့်တပ်မတော် (AA)နှင့်ဆက်သွယ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီး ခံထားရသည့် ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသင်း ဥက္ကဋ္ဌ ဦးမောင်အေး အပါအ၀င် လူသုံးဦးကို ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ တွင် ကျောက်ဖြူမြို့နယ် တရားရုံးတွင် မတရားအသင်းနှင့် ဆက်သွယ်မှု အက်ဥပဒေဖြင့် တရား စွဲဆိုလိုက်ကြောင်း သတင်း ရရှိသည်။

၎င်းတို့သုံးဦးကို ကျောက်ဖြူမြို့နယ် တရားရုံးသို့ ရုံးထုတ်လာခဲ့သော်လည်း စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့မှ တရားလိုပြသက်သေ ဗိုလ်ကြီးတင်အောင် ခရီးလွန်နေ၍ ရောက်ရှိမလာသည့်အတွက် အမှုကို စစ်ဆေးမှု ပြုလုပ်နိုင်ခြင်း မရှိခဲ့ဟု သိရသည်။


သို့အတွက် အမှု စစ်ဆေးရန် မတ်လ ၇ ရက်နေ့သို့ ထပ်မံ ချိန်းဆိုလိုက်သည်ဟု အမှုကို လိုက်ပါ ဆောင်ရွက်မည့် အထက်တန်းရှေ့နေ ဦးတင်မြင့် ကပြောသည်။

“ တရားလိုပြသက်သေဖြစ်တဲ့ စရဖ ကဗိုလ်ကြီး ခရီးလွန်နေလို့ ဘာမှစစ်ဆေးမှုမှ မလုပ်ခဲ့ရဘူး။ တရား လိုပြ သက်သေက အဓိကကျနေတယ်” ဟု ရှေ့နေဦးတင်မြင့်က ဆိုသည်။

တရားစွဲ အမှုဖွင့်ခံရသူ သုံးဦးမှာ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ ဦးမောင်အေး (၃၀) နှစ်၊ ပေါက်တောမြို့နယ် ယင်ရဲကန်ကျေးရွာမှ ဦးထွန်းသာဖြူ (၂၆) နှစ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာမှ ဦးဇော်ဝင်းမောင် (၂၄) နှစ်တို့ ဖြစ်ကြသည်။

ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးမိုးဇော်သူ ကတရားလိုလုပ်ကာ မတရားအသင်းအက်ဥပဒေ ၁၇(၁)/(၂) ဖြင့် တရားစွဲဆိုလိုက်ကြောင်း ၎င်းကပြောသည်။


၎င်းတို့သုံးဦးကို ရုံးထုတ်လာစဉ် ဒေသခံလူပေါင်း တစ်ရာကျော်ခန့်က ဦးမောင်အေးနှင့်ဖမ်းဆီးခံရသူ “ ကျန်းမာပါစေ၊ အမြန်လွတ်မြောက်ပါစေ” ဟု ကြွေးကြော်ခဲ့ကြသည်ဟု သိရသည်။

၎င်းတို့သုံးဦးကို ဇန်န၀ါရီလ ၂၁ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာ ဦးမောင်အေး၏ နေအိမ်မှ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးသွားပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တရားရုံးတွင် ရမာန်ယူခဲ့ကာ အကျဉ်းထောင်သို့ ပို့ဆောင်ပြီးနောက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရုံးထုတ် လာခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူ သုံးဦးစလုံး အမှုအတွက် ရခိုင်ပြည်ရှေ့နေများကောင်စီမှ တရားလွှတ်တော်ရှေ့နေ ဦးဘကျော်၊ Thazin Legal Aid မှ အထက်တန်းရှေ့နေ ဦးမျိုးမြတ်ဟိန်းနှင့် ကျောက်ဖြူဒေသခံ အထက်တန်းရှေ့နေ များဖြစ်သည့် ဦးတင်မြင့်၊ ဒေါ်ကြည်ကြည်နှင်းနှင့် ဦးဟန်မင်းလှိုင် တို့မှ လိုက်ပါဆောင်ရွက်သွားမည်ဟုသိရသည်။

ကျော်ဝင်း
Arakan State
https://www.facebook.com/NarinjaraNews/
ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးမောင်အေးအပါအ၀င် လူသုံးဦးကို မတရားအသင်း အက်ဥပဒေဖြင့် အမှုဖွင့်  ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးမောင်အေးအပါအ၀င် လူသုံးဦးကို မတရားအသင်း အက်ဥပဒေဖြင့် အမှုဖွင့် Reviewed by THITHTOOLWIN on 07:06 Rating: 5
Powered by Blogger.