ထိုင်ဝမ်ငလျင်ကြောင့် ပျောက်ဆုံးနေသူ ၁ဝဝ ကျော်ကို ဆက်လက်ရှာဖွေ


တိုင်နန် ဖေဖော်ဝါရီ ၉

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် တိုင်နန်မြို့ အဆောက်အအုံများ အောက်တွင် ပိတ်မိနေသူများကို ကယ်တင်နိုင်ရေးအတွက် ထိုင်ဝမ်ကယ်ဆယ်ရေး လုပ်သားများသည် အခက်ခဲဆုံး အခြေအနေများနှင့် ရင်ဆိုင်ရလျက်ရှိသည်။

ငလျင်လှုပ်ပြီး သုံးရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၉ ရက်တွင် တစ်ဦးတစ်ယောက်ကို မျှ အသက်ရှင်လျက်ကယ်တင်နိုင်ခြင်းမရှိပေ။

ယခုလောလောဆယ် ပြိုကျသွားသည့် ၁၆ ထပ် တိုက်တစ်လုံး၏ အပျက်အစီးများအောက်မှ ရုပ်အလောင်း ၃၉ လောင်းကို ဖယ်ရှားနိုင်ခဲ့သည်။ အဆိုပါ ၁၆ ထပ်တိုက်၏အောက်တွင် လူ ၁ဝဝ ကျော်ခန့် ပိတ်မိနေသည်ဟု ယူဆရသည်။

ကယ်ဆယ်ရေးလုပ်သားများသည် ပြိုကျသွားသည့် တိုက်တာအဆောက်အအုံများ၏ အပျက်အစီးများကို ဖယ်ရှားနိုင်ရေးအတွက် စက်ယန္တရားကြီးများကို အသုံးပြုလျက်ရှိသည်။

တိုင်နန်မြို့တာဝန်ရှိသူများက ပျောက်ဆုံးနေသူများ၏ ဆွေမျိုးများနှင့် ပုံမှန်အစည်းအဝေး များပြုလုပ်၍ ကယ်ဆယ်ရေးလုပ်ငန်းများ၏ နောက်ဆုံးအခြေအနေများကို ရှင်းလင်းတင်ပြ လျက်ရှိသည်။ အချို့က ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ရန် အပူတပြင်း တောင်းဆိုကြသည်။ မည်သည့်သတင်းအချက်အလက်မျှ မရရှိသူများကလည်း အားမလို အားမရဖြစ်ကြရသည်။

ထိုင်ဝမ်ငလျင်ကြောင့် သေဆုံးသူ ၄၁ ဦးရှိသွားပြီဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုထားသည်။ ၄င်းတို့အနက် ၃၉ ဦးမှာ အဆိုပါ ၁၆ ထပ်တိုက်ပြိုကျမှုအတွင်း သေဆုံး ခဲ့ခြင်းဖြစ်သည်။

အင်န်အိတ်ခ်ျကေ။
The Mirror Daily
https://www.facebook.com/TheMirrorDaily/
ထိုင်ဝမ်ငလျင်ကြောင့် ပျောက်ဆုံးနေသူ ၁ဝဝ ကျော်ကို ဆက်လက်ရှာဖွေ  ထိုင်ဝမ်ငလျင်ကြောင့် ပျောက်ဆုံးနေသူ ၁ဝဝ ကျော်ကို ဆက်လက်ရှာဖွေ Reviewed by THITHTOOLWIN on 07:54 Rating: 5
Powered by Blogger.