အမေရိကန်ပြည်ထောင်စုထက်စောပြီး မြန်မာနိုင်ငံတွင် အမျိုးသမီးသမ္မတ ပေါ်ထွက်လာနိုင်မလား


 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့သစ် ဖွဲ့စည်းရေးအတွက် တပ်မတော်နှင့် စေ့စပ်ညှိနှိုင်းလျက်ရှိသည်။ ယင်းစေ့စပ်ညှိနှိုင်းမှုတွင် သူမ သမ္မတဖြစ်ရေးကိစ္စလည်း ပါဝင်ဖွယ်ရှိကြောင်း ပါတီထိပ်တန်းအရာရှိနှစ်ဦးက ပြောကြားသည်။ ၎င်းအရာရှိများက NLD သည် တပ်မတော်မှ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးခွင့်ပြုမည့် သဘော တူညီချက်တရပ်၏ အစိတ်အပိုင်းအဖြစ် စစ်ဘက်အား အစိုးရအဖွဲ့ထိပ်တန်းရာထူးများ ကမ်းလှမ်းခဲ့ကြောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်အကြား ဆက်ဆံရေးများသည် သူမအစိုးရအောင်မြင်ရေးအတွက် အလွန်တရာအရေးကြီးသည်ဟု ရှုမြင်ကြသည်။ ဖွဲ့စည်းပုံဥပဒေအပေါ် ထိန်းချုပ်မှုများအပြင် တပ်မတော်သည် လွှတ်တော်၏ နေရာလေးပုံတပုံနှင့် အဓိကကျသော ၀န်ကြီးဌာနများကို ရယူထားသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမသည် သမ္မတဖြစ်ချင်ကြောင်း နှစ်ရှည်လများ ပြောကြားခဲ့သည်။ သူမ သမ္မတဖြစ်ရေးအတွက် ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရန် ကြိုးပမ်းခဲ့သည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ အတွင်း ဒေါ်အောင်ဆန်းစုကြည်က သူမ၏ပါတီသည် ရုပ်ပြသမ္မတတဦး ရွေးချယ်မည်ဖြစ်ပြီး သူမအနေဖြင့် သမ္မတ၏အထက်၌ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအခါ သူမ၏ ပါတီဝင်များက သူမသမ္မတဖြစ်လာနိုင်သည်ဟု ယူဆကြောင်း ပြောကြားလာကြသည်။ စေ့စပ်ညှိနှိုင်းမှုများကို 'ကြားလူ'များမှ ပြုလုပ်နေကြောင်း အစိုးရအသွင်ကူးပြောင်းရေးအဖွဲ့အဖွဲ့ဝင်တဦးဖြစ်သူ သမ္မတရုံးညွှန်ကြားရေမှူး ဦးဇော်ဌေးက ပြောကြားသည်။

ကြားဝင်စေ့စပ်ညှိနှိုင်းသူများတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းပါဝင်သည်ဟု ယုံကြည်ရ သည်။ စစ်အစိုးရလက်ထက်တွင် ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ သူရဦးရွှေမန်းသည် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ မဟာမိတ်တဦးဖြစ်လာခဲ့သည်။

The New York Times သတင်းစာကြီးကလည်း NLD ပါတီနှင့် တပ်မတော်တို့သည် အပေးအယူလုပ်ရန် နေပြည်တော် ပါလီမန်အဆောက်အအုံနှင့်ကပ်လျက် တပ်မတော်ဌာနချုပ်၌ စေ့စပ်ညှိနှိုင်းနေသည်ဟု ပါတီ ၀ါရင့်အဖွဲ့ဝင်နှစ်ဦး၏ ပြောကြားချက်အား ကိုးကားလျက်ဖော်ပြသည်။ သို့သော် သတင်းစာက ၎င်းပါတီဝင် နှစ်ဦး၏ အမည်နာမများကို ဖော်ပြမှုမရှိသလို စေ့စပ်ညှိနှိုင်းမှုများ၏ အသေးစိတ်အချက်အလက်ကိုလည်း ရေး သားဖော်ပြခြင်းမရှိပေ။ NLD ပါတီ ၀ါရင့် အဖွဲ့ဝင်တဦးက ပါတီသည် ရန်ကုန်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ် ကဲ့သို့သော အရေးကြီးနေရာသုံးခု၏ ၀န်ကြီးချုပ်ရာထူးများကိုပေးရန် စစ်တပ်အား ကမ်းလှမ်းရေး စဉ်းစားနေကြောင်း ပြောကြားသည်။

NLD ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လာနိုင်သည်ဟု အကောင်းဘက်မှ ရှုမြင်နေကြသည်။ NLD ပါတီ နာယကဦးတင်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရန်သေချာကြောင်း လွန်ခဲ့သော အပတ်တွင် ပြောကြားသည်။
သို့သော် တပ်မတော်အာဘော် 'မြ၀တီ' သတင်းစာက ဖွဲ့စည်းပုံဥပဒေပြင်ဆင်ခြင်းသည် အမျိုးသားအကျိုးစီးပွားနှင့် ဆန့်ကျင်ကြောင်း လွှတ်တော်သစ်စတင် ကျင်းပသည့်နေ့တွင် ပြောကြားသည်။

ပြည်သူ့လွှတ်တော် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်တောက်ထွန်းက ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကိစ္စလုံးဝမဖြစ်နိုင်ဟု မပြောပေ။ တချိန်တည်းတွင် ၎င်းက ''ကျွန်ုပ်တို့အနေနဲ့ ဖွဲ့စည်းပုံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လုပ်ဆောင်သွားမည်''ဟု ပြောသည်။ NLD ပါတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးအတွက် မတ်လကုန်အထိ ဆက်လက်ညှိနှိုင်းသွားရန် အချိန်ရမည်ဖြစ်သည်။
ဝါရှင်တန်အခြေစိုက် အာရှအရေးအလေးထားသည့် ပညာရှင်အဖွဲ့ 2049 Institute မှ Kelly Currie က 'စည်း မကျော်နိုင်တဲ့ ဖြေရှင်းနည်းတရပ်ရရှိရေး သူတို့ကြိုးစားနေတယ်။ ချောချောမောမောဖြစ်သွားရင် အကောင်း ဆုံးပါပဲ''ဟု ပြောကြားသည်။

Ref; (The New York Times, Bangkok Post)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အမေရိကန်ပြည်ထောင်စုထက်စောပြီး မြန်မာနိုင်ငံတွင် အမျိုးသမီးသမ္မတ ပေါ်ထွက်လာနိုင်မလား  အမေရိကန်ပြည်ထောင်စုထက်စောပြီး မြန်မာနိုင်ငံတွင် အမျိုးသမီးသမ္မတ ပေါ်ထွက်လာနိုင်မလား Reviewed by THITHTOOLWIN on 06:28 Rating: 5
Powered by Blogger.