ဗန်းမောက်မြို့နယ်၊ ရွှေမှော်တွင် ရဲသတင်းပေးဆိုသူကို ဖမ်းဆီး


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကန်တော်အုပ်စု ရွှေမှော်တွင် ရဲသတင်းပေးဆိုသူ နေဦးက ဒေသခံပြည်သူများအား အနိုင်ကျင့် နှိပ်စက်နေကြောင်း ပြည်သူတစ်ဦး၏ တိုင်တန်းချက်အရ ၀င်ရောက်ဖမ်းဆီးခဲ့ရာ တူမီးသေနတ်၊ လက်ထိတ်၊ စကားပြောစက်၊ ဓားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြာင်း သတင်းရရှိသည်။


နေဦးဆိုသူသည် ကသာခရိုင် ဗန်းမောက်မြို့နယ် ကန်တော်အုပ်စု သုံးမြေဆုံ ရွှေမှော်တွင်နေထိုင်၍ လုပ်သေနတ်နှင့် ဓားများ ကိုင်ဆောင်ပြီးဒေသခံ ပြည်သူများအား အနိုင်ကျင့်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးရောင်းချနေကြောင်း ပြည်သူတစ်ဦး၏ တိုင်ကြားချက်အရ မူးယစ်တပ်ဖွဲ့စု (၆) ကသာနှင့်ခရိုင် ဒ/န ခေါင်းဆောင် ရဲအုပ်အောင်အောင်သန်းတို့ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဇန်န၀ါရီ ၃၀ ရက် နံနက် ၇ နာရီခန့်၌ နေဦး၏ နေအိမ်သို့ ၀င်ရောက် ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါး မတွေ့ရှိရသော်လည်း အိမ်မကြီးနှင့် ကပ်လျက်တဲအတွင်း နေဦးအိပ်သည့်နေရာအနီးမှ အရိုး၊ အသွား အရှည် (၃၆) လက်မရှိ ဓားအိမ်ပါ ဓားတစ်ချောင်း၊ အရိုးအသွားအရှည် ၂၅ လက်မရှိ ဓားအိမ်ပါ ဓားတစ်ချောင်း၊ အရှည်သုံးပေ ၁၁ လက်မ လုပ်သေနတ်တစ်လက်၊ TYT အမျိုးအစား လိုင်းနှစ်လိုင်းဆွဲ တိုင်ရှည်ပါ စကားပြောစက် တစ်လုံး၊ လက်ထိတ်တစ်ခု၊ မှတ်စုစာအုပ်၊ လောက်လေးခွနှင့်သံကုန်းသီး ၃၀ ကျော်တို့ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။


နေဦးသည် ရွှေမှော်တ၀ိုက်တွင် ရှာဖွေပုံစံ၊ သက်သေလူကြီးများမပါဘဲ နေအိမ်များသို့ နယ်ထိန်းများနှင့်အတူ ဝင်ရှာဖွေလေ့ရှိပြီး မရှာဖွေခင် လက်ထိပ်ခတ်၍ ထိုးကြိတ်လေ့ရှိကြောင်း၊ အခြားသူများတူးထားသောရွှေတွင်းများကို ခြိမ်းခြောက်၍ အပိုင်သိမ်းလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ကသာခရိုင် ရဲတပ်ဖွဲ့မှ နေဦး၏အိမ်သို့ ၀င်ရောက်ရှာဖွေချိန်တွင် ဗန်းမောက် ရဲစခန်းမှ နယ်ထိန်း မိုးကျော်သူရဆိုသူကိုလည်း နေအိမ်၌တွေ့ရပြီး နေဦး၏ အိမ်ခေါင်းရင်း၌ ချိတ်ထားသည့် လုပ်သေနတ်နှင့်ပတ်သက်၍ နယ်ထိန်း မိုးကျော်သူရက အဆိုပါ လုပ်သေနတ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးတဦးထံမှ သိမ်းယူထား၍ နေဦးကိုပြန်ပေးခိုင်းထားခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

လက်ရှိတွင် နေဦးကို ခရိုင်မှုခင်းနှိမ်နင်းရေးခေါင်းဆောင် ရဲအုပ် အောင်အောင်သန်းက ဗန်းမောက်မြို့မရဲစခန်း၌ (ပ)၁၇/၁၆ ဖြင့် လက်နက်ပုဒ်မ ၁၉(စ)၊ (ပ)၁၈/၁၆ ဖြင့် ပုဒ်မ ၁၇၁၊ (ပ)၁၉/၁၆အရ ဆက်သွယ်ရေးပုဒ်မ ၆၇ တို့အရ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ နယ်ထိန်းမိုးကျော်သူရဆိုသူအား မည်သို့ အရေးယူဆောင်ရွက်ထားသည်ကိုမူ မသိရှိရသေးချေ။

အေးလွင်(ကသာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ဗန်းမောက်မြို့နယ်၊ ရွှေမှော်တွင် ရဲသတင်းပေးဆိုသူကို ဖမ်းဆီး  ဗန်းမောက်မြို့နယ်၊ ရွှေမှော်တွင် ရဲသတင်းပေးဆိုသူကို ဖမ်းဆီး Reviewed by THITHTOOLWIN on 13:34 Rating: 5
Powered by Blogger.