လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် စစ်သင်တန်းသား အချင်းချင်း နှိပ်ကွပ်မှုဖြစ်စဉ်၌ ပါဝင်သူများကို စစ်ဆေးနေ


လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် စစ်သင်တန်းသား အချင်းချင်း နှိပ်ကွပ်မှုဖြစ်စဉ် ဗွီဒီယိုဖိုင်(၃)ခုတွင် ပါဝင်သူများနှင့် တာဝန်ရှိ သူများကို တပ်မတော်က စစ်ဆေးနေပြီဖြစ်ကြောင်း တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်မှူးကြီးမြတ်မင်းဦးက News Watch ဂျာနယ်သို့ ပြောသည်။

“ စစ်ဆေးပြီး ပေါ်လွင်တယ်ဆိုရင်တော့ တပ်ကနေ အရေးယူပါလိမ့်မယ် ” ဟု ဗိုလ်မှူးကြီးမြတ်မင်းဦးက ပြောသည်။

ထိုပြင် ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ်များကို တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့၏ မြ၀တီဖေ့ဖွတ်စာမျက်နှာတွင် လည်း ဖော်ပြထားကြောင်း ဗိုလ်မှူးကြီးမြတ်မင်းဦးကပြောသည်။

ယင်းစာမျက်နှာတွင် “ မကြာသေးမီ ရက်ပိုင်းအတွင်းက Online လူမှုကွန်ရက်များတွင် တပ်မတော်သင်တန်းကျောင်းတခု၌ သင်တန်းသားအချင်းချင်း ပြင်းထန်စွာအပြစ်ပေးနေသည့် ဗီဒီယိုမှတ်တမ်းဖိုင်သုံးခု ပျံ့နှံ့ခဲ့ပြီး ယင်းဗီဒီယိုဖိုင်များနှင့်ပတ်သက်၍ သတင်းမီဒီယာများအနေဖြင့်လည်း ဝေဖန်သုံးသပ်ချက်များစွာ ဖော်ပြခဲ့ကြကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်၏ အသက် သွေးကြောဖြစ်သဖြင့် စစ်စည်းကမ်းနှင့်ပတ်သက်ပြီး လိုက်နာလုပ်ဆောင်ရမည့် တပ်မတော်အက်ဥပဒေ၊ နည်းဥပဒေများ၊ အမိန့် နှင့် ညွှန်ကြားချက်များကိုလည်း တိကျစွာ ပြဋ္ဌာန်းသတ်မှတ်ထားရှိပြီးဖြစ်ပါကြောင်းနှင့် တပ်မတော်အနေဖြင့် တပ်တွင်းစည်းလုံး ညီညွတ်မှုအတွက် အုပ်ချုပ်မှုညီညွတ်မျှတစေရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိကြောင်း” ဖော်ပြောထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍အဖြစ်မှန် ပေါ်ပေါက်စေရန်သက်ဆိုင်ရာတပ်မတော်သင်တန်းကျောင်းသို့ ဒုတိယတပ်မတော်လေ့ကျင့် ရေးအရာရှိချုပ်ဦးစီးသော စုံစမ်းစစ်ဆေးရေးအဖွဲ့သွားရောက်စစ်ဆေးခဲ့ရာ ဖြစ်စဉ်မှန်ကန်ကြောင်းတွေ့ရှိရသဖြင့် ဖြစ်စဉ်တွင်ပါဝင်သူများနှင့်တာဝန်ရှိသူများကိုတပ်မတော်၏စည်းမျဉ်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

စစ်သင်တန်းကျောင်းတခုအိပ်ဆောင်အတွင်း၌ ဂျူနီယာသင်တန်းသားအချို့အား ထိုးကြိတ်၊ ကန်ကြောက်နှိပ်စက်နေသည့် ရုပ်သံဗွီဒီယိုသုံးခု Share သူ (၇)သောင်းကျော်၍ like သူ (၂၃၀၀၀)ကျော်ရှိကြောင်း သိရသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် စစ်သင်တန်းသား အချင်းချင်း နှိပ်ကွပ်မှုဖြစ်စဉ်၌ ပါဝင်သူများကို စစ်ဆေးနေ   လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် စစ်သင်တန်းသား အချင်းချင်း နှိပ်ကွပ်မှုဖြစ်စဉ်၌ ပါဝင်သူများကို စစ်ဆေးနေ Reviewed by THITHTOOLWIN on 17:58 Rating: 5
Powered by Blogger.