တုတ်၊ ဓားလက်နက်များနှင့် ရိုက်နှက် လုယက်သူများအား အချိန်တိုအတွင်း ဖမ်းဆီးရမိ


 ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် တုတ်၊ ဓားလက်နက်များကိုင်ဆောင်ကာ အုပ်စုဖွဲ့ရန်ပြု လုယက်သူများအား အချိန်တိုအတွင်း ဖမ်းဆီးရမိအရေးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

၁၇.၂.၂၀၁၆ ရက်နေ့ ၁၉၃၀ အချိန်တွင် ယာဉ်မောင်းဖြစ်သူ ကိုရန်လင်းအောင်သည် 1E-----ကန်တာ အမျိုးအစားယာဉ်ဖြင့် ဖရဲသီးများတင်ဆောင်ကာ ခရမ်းမြို့မှ သုံးခွမြို့ဘက်သို့ မောင်းနှင်ထွက်ခွာ လာစဉ် သုံးခွမြို့အထွက် အရောက်၌ ပရိုဘောက်အငှားယာဉ်တစ်စီးမှ လမ်းတောင်းရာက အပြန်အလှန်စကားများခဲ့ကြပြီး ဆက်လက်ထွက်ခွာလာရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၇၈) ရပ်ကွက်၊ ပဲခူးမြစ်လမ်းမပေါ်အရောက်၌ BGO-----ပရိုဘောက်အငှားယာဉ်သည် ၎င်းမောင်းနှင်သောကားရှေ့မှပိတ်ရပ်၍ တုတ်၊ ဓားလက်နက် ကိုင်ဆောင်ကာ ကန်တာယာဉ်၏ ၀ဲ/ယာလေကာမှန်များကိုရိုက်ခွဲဖျက်ဆီးပြီး ၎င်းအားရိုက်နှက်ခဲ့သဖြင့် ၀ဲဂျိုစောင်းပေါက်ပြဲ၊ ယာလက်ဖျံဖူးရောင်၊ ယာလက်ပြင်နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ထို့နောက် ၎င်းပိုင်
ဆင်းကတ်ပါ Samsung အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ ယာဉ်ပေါ်တွင် လိုက်ပါလာသူထံမှ ဆင်းကတ်ပါ iphone 5 ၁ လုံး၊ ငွေကျပ် (၂၀၀၀၀၀)နှင့် ယာဉ်၏ထိုင်ခုံနောက်ဘက်တွင်ထားသည့် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသောငွေကျပ် (၁၂၀၀၀၀၀)တို့ကိုလုယူကာ BGO----ပရိုဘောက် အငှားယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းနှင့် ကန်တာယာဉ်မောင်းဖြစ်သူ ကိုရန်လင်းအောင်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ဆေးကုသမှုခံရယူခဲ့ရကြောင်း တိုင်တန်းချက်အရ ဒဂုံမြို့သစ် (ဆိပ်ကမ်း)
မြို့မရဲစခန်း(ပ)၂၆၉/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၉၄/၄၂၇/၁၁၄ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူများမှာ ခရမ်းမြို့နယ်နေသူများဖြစ်ကြသည့် တရုပ်ကြီး(ခ)ထက်လင်းအောင် (၂၅)နှစ်၊ တင်မြင့် (၄၈)နှစ်၊ ဟိန်းသီဟ(ခ) ကိုဟိန်း (၁၉)နှစ်နှင့် ဦးမှို (၆၀)နှစ်၊ လင်းထင် (၃၁)နှစ်နှင့် သာကေတမြို့နယ်နေ လှမင်း (၃၉)နှစ်တို့ဖြစ်ကြောင်း သိရှိရသဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ တရုပ်ကြီး(ခ) ထက်လင်းအောင်၊ တင်မြင့်၊ဟိန်းသီဟ(ခ)ကိုဟိန်းနှင့် ဦးမှိုတို့အား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် ခရမ်းမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များက ၁၈.၂.၂၀၁၆ရက်နေ့ ၀၆၁၀ အချိန်တွင် ခရမ်းမြို့နယ်မှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် AA-----ပရိုဘောက်အငှားယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

၀၉၀၀ အချိန်တွင် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ပြီး တိမ်းရှောင်နေသူ သာကေတမြို့နယ်နေ လှမင်း (၃၉)နှစ်နှင့် ခရမ်းမြို့နယ်နေ လင်းထင်(၃၁)နှစ်တို့အား အရှေ့ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေး ဌာနစုမှတပ်ဖွဲ့ဝင်များက
သာကေတမြို့နယ်အတွင်းမှ ဖမ်းဆီးရမိခဲ့သဖြင့် တရုပ်ကြီး(ခ) ထက်လင်းအောင်ပါ (၆)ဦးတို့အား အမှုဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး အမှုမှပါဆုံး လက်ကိုင်ဖုန်းများနှင့် ငွေများအား သိမ်းဆည်း ရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/

တုတ်၊ ဓားလက်နက်များနှင့် ရိုက်နှက် လုယက်သူများအား အချိန်တိုအတွင်း ဖမ်းဆီးရမိ တုတ်၊ ဓားလက်နက်များနှင့် ရိုက်နှက် လုယက်သူများအား အချိန်တိုအတွင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 15:52 Rating: 5
Powered by Blogger.