ရွှေစက်တော်ဘုရားပွဲ ဖွင့်ပွဲနေ့၌ တည်းခိုဆောင်ငှားရမ်းခ ကျပ်ခုနစ်သောင်း ၀န်းကျင် ရောက်ရှိ


မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ ရွှေစက်တော် ဘုရားပွဲတော် ဖွင့်ပွဲနေ့တွင်ပင် တည်းခိုဆောင် ငှားရမ်းခမှာ ကျပ်ခုနစ်သောင်းခန့်အထိ ရှိနေကြောင်း ဘုရားဖူးများထံမှ သိရှိရသည်။

ရွှေစက်တော် ဘုရားပွဲတော်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျင်းပခဲ့ပြီး ဘုရားဖူးများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသော တည်းခိုဆောင် ငှားရမ်းခ ဈေးကြီးမြင့်မှုမှာ နှစ်စဉ်ဖြစ်ပေါ်နေကာ ယခုနှစ်တွင် ဈေးလျှော့ချနိုင်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဈေးနှုန်းမြင့်တက်နေဆဲ ဖြစ်ကြောင်း သိရသည်။

“facebook လူမှုကွန်ရက်နဲ့ ဂျာနယ်တွေထဲမှာ ဒီနှစ် ရွှေစက်တော် ဘုရားပွဲတော်မှာ တည်းခိုဆောင် ငှားရမ်းခ ဈေးတွေကြီးမြင့်နေမှု အပေါ် ဖြေလျှော့မှုတစ်ရပ် အနေနဲ့ ဌာနဆိုင်ရာတွေကို တည်းခိုဆောင် ချထားပေးခြင်း မရှိတော့ဘူး။ သတ်မှတ်ဈေးထက်လည်း ပိုမယူရဘူးဆိုပြီး စည်းကမ်းချက် တင်းတင်းကျပ်ကျပ် ထုတ်ပြန်ထားတယ် လို့ ကြားသိရတယ်။ ဒီနေ့ဖွင့်ပွဲရက်မှာကိုပဲ ရေစပ်က တည်းခိုဆောင် တစ်ခန်းကို ခုနစ်သောင်း ပေးတည်းရတယ်ဗျာ။ သတ်မှတ်ကြေးက တစ်သောင်းခွဲထက် ပိုမယူရဘူးလို့ သိရတယ်” ဟု ရန်ကုန်မြို့ သုဝဏ္ဏမှ ဦးမြင့်စိန်က ပြောသည်။

ယခင်နှစ်များက ဌာနဆိုင်ရာများအား တည်းခိုဆောင်များ ချထားပေးခြင်း ရှိခဲ့သော်လည်း ကိုယ်တိုင်လုပ်ကိုင်ခြင်း မရှိဘဲ တစ်ဆင့် ပြန်လည် ရောင်းချကြသဖြင့် တည်းခိုဆောင် ငှားရမ်းခ ဈေးနှုန်းများ ကြီးမြင့်ခဲ့၍ ယခုနှစ်တွင် ဌာနဆိုင်ရာများအား တည်းခိုဆောင် ချထားပေးခြင်း မရှိတော့ဘဲ လုပ်ငန်းရှင်များ အနေဖြင့်လည်း တည်းခိုဆောင် ငှားရမ်းခကို သတ်မှတ်ဈေးထက် ပိုမယူရန် ကျပ်မတ် ဆောင်ရွက်သွားမည်ဟု ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောသည်။

“ဘုရားပွဲတော် ကာလတစ်လျှောက်လုံး တည်းခိုဆောင် ငှားရမ်းခဈေးနှုန်းကို တစ်သမတ်တည်း သတ်မှတ်ပေးဖို့ တင်ပြခဲ့တဲ့အတွက် ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူးက ကျပ်တစ်သောင်းခွဲ သတ်မှတ်ပြီး ပိုယူခဲ့လို့ တိုင်ကြားမှုရှိလာရင် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ပိုပေးခဲ့ရလို့ရှိရင် တိုင်ကြားဖို့တော့ လိုပါလိမ့်မယ်” ဟု ဦးနေမျိုးကျော်က ပြောသည်။

သို့သော်လည်း ဖေဖော်ဝါရီ ၁၃ ရက်တွင် တည်းခိုဆောင် ငှားရမ်းခဈေးနှုန်းနှင့် ပတ်သက်၍ မည်သည့် တိုင်ကြားမှု တစ်စုံတစ်ရာ မရှိသေးကြောင်း ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့မှ သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
ရွှေစက်တော်ဘုရားပွဲ ဖွင့်ပွဲနေ့၌ တည်းခိုဆောင်ငှားရမ်းခ ကျပ်ခုနစ်သောင်း ၀န်းကျင် ရောက်ရှိ ရွှေစက်တော်ဘုရားပွဲ ဖွင့်ပွဲနေ့၌ တည်းခိုဆောင်ငှားရမ်းခ ကျပ်ခုနစ်သောင်း ၀န်းကျင် ရောက်ရှိ Reviewed by THITHTOOLWIN on 12:58 Rating: 5
Powered by Blogger.