သမ္မတလုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းပေါ်ပေါက်လာရခြင်းနှင့် ဥပဒေကြမ်းအလွန်နောက်ဆက်တွဲဘာတွေရုပ်လုံးပေါ်လာနိုင်သလဲ - လင်းထိုက်(Y.I.T)


 မင်းသမ္မတဖြစ်ရင်ကြိုက်တာလုပ်။ ဘယ်သူမှ အရေးမယူအောင် ၂၀၀၈ မှာ ငါထည့်ဆွဲပေးထားမယ်”” ဆိုတာမျိုးကို ဦးသန်းရွှေ လုပ်ပေးလို့မရ ပါဘူး။၂၀၀၈ဖွဲ့စည်းပုံဟာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေကိုသာ အကာအကွယ်ပေးထားပြီး သူနေရာချပေးခဲ့တဲ့သူ့လက်ရင်းတပည့် ဦးသိန်းစိန်အစိုးရအတွက်တော့ အကာအကွယ်မဲ့နေခဲ့ပါတယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီဇင်ဘာ ၂၁ ရက်ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာ““နိုင်ငံတော် သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း””ကို ဖော်ပြခဲ့ပါတယ်။ ဒီဥပဒေကြမ်းရဲ့အခန်း ၄ မှာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ ဆောင်ရွက်ချက်အပေါ် အကာအကွယ်ပေးခြင်း ခေါင်းစဉ်နဲ့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူက နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့်ကာလအတွင်း တာဝန်အရဆောင်ရွက်ချက်များ ကိုအကြောင်းပြုလျက် ယင်းအား တရားစွဲဆိုခြင်းနှင့်အရေးယူခြင်းတို့ မရှိစေရ”” ဆိုတဲ့ အပိုဒ်ပါရှိလာပါတယ်။

ဥပဒေကြမ်းရဲ့ အခြားအချက်တစ်ချက်ကတော့ နိုင်ငံတော် သမ္မတတာဝန်ထမ်းဆောင်ခဲ့သူကို လုံခြုံရေး အကာအကွယ် ပေးရမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်ကို ဝေဖန်သူသိပ်မတွေ့ရပေမယ့် အခန်း ၄ ပါ သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူဟာတာဝန်ကအနားယူပြီးရင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး နောက်ကြောင်းပြန်အရေးယူခွင့်မရှိဆိုတဲ့ အချက်ကိုတော့ ပြည်တွင်း၊ ပြည်ပက အပြင်းအထန် ကန့်ကွက်ဝေဖန်လျက်ရှိပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ကြီးက “မြန်မာလွှတ်တော်အနေနဲ့ နိုင်ငံတော် သမ္မတဟောင်းတွေကို အလွန်အကျွံ အကာအကွယ်ပေးပြီး ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် အကာအကွယ်ပေးနိုင်တဲ့ ဒီဥပဒေကြမ်းကိုလက်မခံဘဲ ပယ်ချသင့်တယ်လို့ လွှတ်တော်ကိုတိုက်တွန်းလိုက်ပါ တယ်။ HRW ရဲ့ အာရှဒေသဆိုင်ရာဒါရိုက်တာဖီးလ်ရော်ဘင်ဆန်က““ဒီဥပဒေကြမ်းက အလွန်ကို မျက်နှာပြောင်တိုက်တဲ့ ဥပဒေကြမ်းပါပဲ။ သမ္မတ အနေနဲ့ သူဘာပဲ လုပ်ခဲ့လုပ်ခဲ့ အေးအေးလူလူနဲ့ အနားယူ နိုင်အောင် ရည်ရွယ်ချက်ရှိရှိစီစဉ်ထားတဲ့ ဥပဒေဖြစ်နေပါတယ်”” ဆိုပြီး ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။

ပြည်တွင်းနိုင်ငံရေး လေ့လာသူတွေနဲ့ ပြည်သူကြားမှာလည်း ဒီဥပဒေကြမ်းထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ သောသော ညံနေပါတယ်။ ဒီဥပဒေကြမ်းအရဆိုရင် ဦးသိန်းစိန် သမ္မတသက်တမ်း တစ်လျှောက် ဦးသိန်းစိန် တာဝန်ခံရမယ့် ဥပဒေမဲ့လုပ်ရပ်တွေ အပေါ် နောက်ကြောင်းပြန်ပြီး အရေးယူခွင့်ရတော့မှာ မဟုတ်ပါ ဘူး။

ဒီ ဥပဒေကြမ်းသာ လွှတ်တော်မှာ အတည်ပြုဖြစ်ခဲ့ရင် နောင်လာမယ့် ၃ လမှာ တာဝန်ကအနားယူရတော့မယ့် သမ္မတ ဦးသိန်းစိန်ဟာ ကိုယ်ရံတော် လုံခြုံရေးအပြည့်နဲ့ တာဝန်ခံရမယ့် ဥပဒေမဲ့လုပ်ရပ် တွေရှိခဲ့ရင်တောင်သောက ဗျာပါဒပွားစရာမလိုဘဲ အေးအေးလူလူအနားယူနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို လွှတ်တော်သက်တမ်းကုန်ခါနီး တစ်လလောက်အလိုမှ ဘာလို့ တက်သုတ်ရိုက်ပြဋ္ဌာန်းဖို့ ပြင်ဆင်လာတာလဲဆိုတာ မေးခွန်းထုတ်စရာ ကောင်းနေပါတယ်။ ဒီဥပဒေကြမ်း ပေါ်ထွက်လာခြင်းရဲ့ နောက်ကွယ်မှာ ပဟေဠိတချို့ ရှိနေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၄၄၅ မှာ န၀တခေတ်၊ နအဖ ခေတ်က ဆောင်ရွက် ချက်တွေနဲ့ ပတ်သက်လို့ နောက်ကြောင်းပြန် အရေးမယူနိုင်တဲ့ အချက်တွေကို အရင်အာဏာပိုင် အကြီးအကဲက ထည့်သွင်းရေးဆွဲစေခဲ့ပြီးဖြစ်ပါတယ်။

ပုဒ်မ ၄၄၅ ။ ။ ““ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမူ တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များကို လည်းကောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်းဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တစ်ဦးဦး၏ တာဝန်အရဆောင်ရွက်ချက်အပေါ် အကြောင်းပြုလျက် ယင်းတို့အားတရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ””

၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၄၅ အရဆိုရင် န၀တ ခေတ်၊ နအဖခေတ်က ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး နောက်ကြောင်းပြန် အရေးယူခွင့်မရှိပါဘူး။ န၀တ၊ နအဖ ခေတ်အလွန် ဦးသိန်းစိန် သမ္မတ သက်တမ်းအတွင်းလုပ်ဆောင်ချက်တွေကို အကာအကွယ်ပေးထားတဲ့ ပုဒ်မဟာ ၂၀၀၈ ဖွဲ့စည်းပုံမှာ မပါဝင်ပါဘူး။ ထည့်သွင်းရေးဆွဲဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ သမ္မတမှ မလုပ်ရသေး။ ““မင်းသမ္မတ ဖြစ်ရင်ကြိုက်တာလုပ်။ ဘယ်သူမှ အရေးမယူအောင် ၂၀၀၈ မှာ ငါထည့်ဆွဲပေးထားမယ်”” ဆိုတာမျိုးကို ဦးသန်းရွှေ လုပ်ပေးလို့မရပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေကိုသာ အကာအကွယ်ပေးထားပြီး သူနေရာချပေးခဲ့တဲ့ သူ့လက်ရင်းတပည့် ဦးသိန်းစိန်အစိုးရအတွက်တော့ အကာအကွယ်မဲ့နေခဲ့ပါတယ်။ ဥပဒေမဲ့ လုပ်ရပ်တွေရှိနေခဲ့ရင် အကာအကွယ်မဲ့နေတာကို ဆိုလိုတာပါ။ ဒီအတွက်လည်း ဦးသိန်းစိန်သမ္မတ သက်တမ်းကုန်ခါနီးမှာ ဦးသိန်းစိန်ကို အကာအကွယ်ပေးမယ့် ဒီဥပဒေကြမ်းကို ရေးဆွဲဖို့ တက်သုတ်ရိုက်ပြင်ဆင်ခဲ့တယ်လို့ သုံးသပ်ရပါတယ်။ လက်ရှိ လွှတ်တော်မှာ ပြည်ခိုင်ဖြိုးနဲ့တပ်မတော် ပူးပေါင်းရင် ဘယ်ဥပဒေမဆိုအတည်ပြုဖို့အခွင့်အရေးကို ရရှိထားပါတယ်။

လက်ရှိအာဏာပိုင်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ပေါင်းပြီး အာဏာဆက်လက်စွဲကိုင်ဖို့ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ၂၅ ရာခိုင်နှုန်းတော့ အနည်းဆုံး အနိုင်ရမယ်လို့ ကျိန်းသေ ယူဆထားတဲ့ ပုံရပါတယ်။ ထင်သလို ဖြစ်မလာဘဲ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုး အလူးအလဲရှုံးနိမ့်သွားတဲ့အခါ နောက်ကျောမလုံမှုတွေဖြစ်လာတယ်လို့ သုံးသပ်ရပါတယ်။ ဒီအတွက် ရုပ်ပျက်ဆင်းပျက်ဆိုသလိုပဲ လွှတ်တော်သက်တမ်းကုန်ခါနီးလေးမှာ ဒီဥပဒေကြမ်းကို အမြန်တင်သွင်းပြီး လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ ကြိုးစားလာတာပဲဖြစ်ပါတယ်။

ဒီ ဥပဒေကြမ်း လွှတ်တော်ထဲရောက်လာရင် ဘယ်သူတွေ က ထောက်ခံဆွေးနွေးပြီး ဘယ်သူတွေကန့်ကွက်ဆွေးနွေးကြ မယ်ဆိုတာလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဂိုဏ်းဂဏအကွဲအပြဲကြောင့် အချင်းချင်း မသင့်မြတ်ဘူးလို့ သုံးသပ်နေကြတဲ့ လွှတ်တော်နာယက ဦးရွှေမန်းဘက်တော်သား ပြည်ခိုင်ဖြိုးအမတ်တွေနဲ့ သမ္မတ ဦးသိန်းစိန်ကို ထောက်ခံတဲ့ ပြည်ခိုင်ဖြိုးအမတ်တွေဟာ တညီတညွတ်တည်း ဒီဥပဒေကြမ်းကို ထောက်ခံအတည်ပြုပေးကြမှာလားဆိုတာ စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။

ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ ဘယ်လိုမှ မညီညွတ်တဲ့ အပြင်ပြည်သူ ရဲ့ ဝေဖန်သံတွေညံနေတဲ့ ဒီဥပဒေကြမ်းကို လွှတ်တော်တစ်ရပ်လုံး တညီတညွတ်တည်း ထောက်ခံအတည်ပြုကြရင် ဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့ရဲ့ ဂိုဏ်းဂဏ အကွဲအပြဲဟာ ပြဇာတ်တိုက်ထားတာသာဖြစ်တယ်လို့ ပြည်သူက ယူဆကြတော့မှာ ဧကန်ပါပဲ။

ဒီဥပဒေကြမ်းဘယ်လိုပဲ အတည်ပြု ဖြစ်သည်ဖြစ်စေ နောင်လာမယ့် လွှတ်တော်အသစ်မှာတော့ ဒီဥပဒေရဲ့တည်ရှိမှုဟာ အနိုင်ရ NLD ပါတီလက်ထဲမှာရှိနေပါတယ်။ အစိုးရအသစ်ရဲ့ လွှတ်တော်အခင်းအကျင်းမှာ NLD ပါတီဟာ ပြည်ထောင်စုအဆင့်ကိုယ်စားလှယ် ထက်ဝက်ကျော်နေရာကို ရထားပါတယ်။ သမ္မတ လုံခြုံရေးဆိုင်ရာ ဥပဒေဟာ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ မညီညွတ်ပါဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဥပဒေကိုပြင်ဆင်ချက် တင်သွင်းလာလို့ NLD ကိုယ်စားလှယ်တွေက ထောက်ခံရင် ဒီဥပဒေကို ပြန်ပြင်ဆင်ရမှာပဲဖြစ်ပါတယ်။

သမ္မတ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်မှာထောက်ခံဆွေးနွေးမှု၊ ကန့်ကွက်ဆွေးနွေးမှုနဲ့ ဥပဒေကြမ်းကို အတည်ပြုဖြစ်၊ မပြုဖြစ်ဆိုတဲ့ အချက်အလက်တွေအပေါ်မူတည်ပြီး မြန်မာ့နိုင်ငံရေးဇာတ်ညွှန်း၊ ဇာတ်ကွက်တချို့နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးရုပ်လုံးသရုပ်တို့ကို အကဲဖြတ်ဖို့ အခွင့်အရေးကြုံလာနိုင် ပါကြောင်း သုံးသပ်လိုက်ရပါတယ်။

လင်းထိုက်(Y.I.T)

၂၄-၁၂-၂၀၁၅

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald
သမ္မတလုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းပေါ်ပေါက်လာရခြင်းနှင့် ဥပဒေကြမ်းအလွန်နောက်ဆက်တွဲဘာတွေရုပ်လုံးပေါ်လာနိုင်သလဲ - လင်းထိုက်(Y.I.T)  သမ္မတလုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းပေါ်ပေါက်လာရခြင်းနှင့် ဥပဒေကြမ်းအလွန်နောက်ဆက်တွဲဘာတွေရုပ်လုံးပေါ်လာနိုင်သလဲ - လင်းထိုက်(Y.I.T) Reviewed by THITHTOOLWIN on 14:33 Rating: 5
Powered by Blogger.