ဘာသာရေးသင်ရိုးညွှန်းတမ်း အပေါ် ငြင်းဆိုသည့် ကျောင်းဆရာ ၇၈ ဦးကို ISIS အဖွဲ့ပြန်ပေးဆွဲ


ဘဂ္ဂဒက် ၊ ၅-၁-၂၀၁၅

အီရတ်နိုင်ငံရှိ ISIS အစ္စလာမ္မစ် စစ်သွေးကြွများသည် နိုင်ငံမြောက်ပိုင်း နိနဝေ ပြည်နယ်မှ ကျောင်းဆရာ ၇၈ ဦးကို ပြန်ပေးဆွဲ ဖမ်းဆီး ထားကြောင်း သိရသည်။

ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် ၄င်းတို့ထိန်းချုပ် ထားသည့် နယ်မြေများအတွင်း ဘာသာရေးဆိုင်ရာ စည်းမျဉ်းများ အပေါ် အခြေခံသည့် သင်ရိုးညွှန်းတမ်း များကို သင်ကြားပေးရန် ငြင်းဆိုခဲ့သည့် အဆိုပါ ကျောင်းဆရာများကို ဇန်နဝါရီ ၃ ရက်တွင် ပြန်ပေးဆွဲ ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့သည် ၄င်းတို့ ချမှတ်ထားသည့် သင်ရိုးညွှန်းတမ်းတွင် ဓားစာခံများကို သတ်ဖြတ်နည်း၊ ဗုံးခွဲ တိုက်ခိုက်နည်းနှင့် အခြားအကြမ်းဖက် တိုက်ခိုက်နည်း များကို ထည့်သွင်းထားကြောင်း ပြည်နယ်အတွင်းရှိ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက အယ်လ်ဆူမာရီးယား သတင်းဌာန သို့ ပြောကြား ထားသည်။

ထို့ပြင် စစ်သွေးကြွ များသည် ကလေး သူငယ်များအား လုံခြုံရေး စစ်ဆေးရေးဂိတ် များနှင့် အရပ်သားများကို ပစ်မှတ်ထားသော ဗုံးခွဲ တိုက်ခိုက်မှုများ ပြုလုပ်ရန် လေ့ကျင့်ရေး စခန်းများ၌ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

အီရတ်နိုင်ငံ အတွင်းရှိ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များကို နိုင်ငံအတွင်းမှ တိုက်ထုတ် နိုင်ရန်အတွက် ယခုအခါ စစ်ဘက်၊ ရဲတပ်ဖွဲ့ နှင့်ကာ့ဒ်တပ်ဖွဲ့ အပြင် အခြားပြည်သူ့စစ် အဖွဲ့များက ကြိုးပမ်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ဘာသာရေးသင်ရိုးညွှန်းတမ်း အပေါ် ငြင်းဆိုသည့် ကျောင်းဆရာ ၇၈ ဦးကို ISIS အဖွဲ့ပြန်ပေးဆွဲ  ဘာသာရေးသင်ရိုးညွှန်းတမ်း အပေါ် ငြင်းဆိုသည့် ကျောင်းဆရာ ၇၈ ဦးကို ISIS အဖွဲ့ပြန်ပေးဆွဲ Reviewed by THITHTOOLWIN on 13:10 Rating: 5
Powered by Blogger.