ဗန်းမော်၌ ကေအိုင်အေတပ်သားတစ်ဦးအား၁၇(၁)ဖြင့် ဖမ်းဆီးအရေးယူ


ဗန်းမော် ဇန်နဝါရီ ၁ဝ

ဗန်းမော်မြို့နယ် မန်ရွတ်ကျေးရွာတွင် ကေအိုင်အေတပ်ဖွဲ့မှ တပ်သား တစ်ဦးအား နယ်မြေခံတပ်ရင်းမှဖမ်းဆီးပြီး မတရားအသင်း အက်ဥပဒေ ပုဒ်မဖြင့် ယခုလ ၈ ရက်တွင် အမှုဖွင့်အရေးယူခဲ့ကြောင်း စုံစမ်း သိရသည်။

ဗန်းမော်မြို့ ဖန်ခါးကုန်းရပ်ကွက်အခြေပြု အမှတ်(၄၇)ခြေလျင် တပ်ရင်းမှ ယာယီတပ်ခွဲမှူး ဗိုလ်မှူးဇော်ထွန်းလှိုင်ဦးစီးစစ်ကြောင်းသည် ယခုလ ၇ ရက် နံနက် ၆ နာရီခွဲက သတင်းအရ ဗန်းမော်မြို့နယ် မန်ရွတ်ကျေးရွာ ခန့်မှန်းမြေပုံညွှန်း(LG-246755) သို့ ပိတ်ဆို့ရှင်းလင်း ခဲ့ရာ ကေအိုင်အေတပ်ဖွဲ့မှ တပ်သားသောင်းမြင့်(ခ)ဇော်ဒွဲ(ကိုယ်ပိုင် အမှတ်-၃၄၉၅ဝ)အား ၄င်း၏နေအိမ်နောက်ဖေးလျှိုအတွင်း ပုန်းအောင်း နေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ကာ ၄င်းနှင့်အတူ လှံစွပ်အိမ်ပါလှံစွပ်တစ် ချောင်း၊ စစ်သုံးရေဘူးနှစ်ဘူးသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးချက်အရ ၄င်းသည်ဆက်ကြေးကောက်ခံ၍ရရှိသော ငွေများနှင့်စားနပ်ရိက္ခာများအား ကေအိုင်အေတိုက်နယ်မှူးအဆင့်ရှိသူ ဒွဲလာဆိုသူနှင့် တန်ဂျီးဆိုသူတို့ထံ ပေးအပ်လုပ်ဆောင်သည့်အပြင် တပ်သားသစ်စုဆောင်းခြင်း၊ တပ်မတော် စစ်ကြောင်းသွားလာလှုပ်ရှားမှုများအား စောင့်ကြည့်ပြီး အချိန်မီ သတင်း ပေးပို့ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသဖြင့် ဥပဒေအရ အရေးယူပေးရန် တိုင်ကြားချက်အရ သောင်းမြင့်(ခ)ဇော်ဒွဲ အသက် ၅ဝ မန်ရွတ်ကျေးရွာ ဗန်းမော်မြို့နယ်အား ဗန်းမော်မြို့မရဲစခန်းက(ပ)၆/၂ဝ၁၆ အမှုကြီး အမှတ်စဉ် (၂/၂ဝ၁၆) မတရားအသင်းအက်ဥပဒေပုဒ်မ၁၇(၁)ဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဌေး(ဒလ)
The Union Daily
https://www.facebook.com/uniondaily.net
ဗန်းမော်၌ ကေအိုင်အေတပ်သားတစ်ဦးအား၁၇(၁)ဖြင့် ဖမ်းဆီးအရေးယူ  ဗန်းမော်၌ ကေအိုင်အေတပ်သားတစ်ဦးအား၁၇(၁)ဖြင့် ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 14:20 Rating: 5
Powered by Blogger.