အာရှ အအေးလှိုင်းကြောင့် လူအများအပြားသေဆုံး

တရုတ်နိုင်ငံ၊ တောင်ပိုင်း Shandong မှာ မြစ်ရေများခဲနေ။ (ဇန်န၀ါရီ ၂၅၊၂၀၁၆)
အာရှဒေသတွင်းနိုင်ငံအချို့မှာ နှင်းတွေ၊ ရေခဲမိုးတွေနဲ့ ရေခဲတမျှအေးလှတဲ့ လေတွေ တိုက်ခတ်နေတာကြောင့် အအေးလွန်ကဲလာပြီး ထိုင်ဝမ်မြို့တော်၊ထိုင်ပေနဲ့ ဘေးပတ်ဝန်းကျင်ဒေသတွေမှာ လူ ၆၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။

အပူချိန်ဟာ ၄ ဒီဂရီ Celsius အထိကျဆင်းသွားတာကြောင့် သေဆုံးသူတွေထဲမှာ အသက်အရွယ်ကြီးသူ အများအပြား ပါဝင်ပြီး နှလုံးရောဂါ၊ ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းတာတွေ အပါအ၀င် တခြားအကြောင်းအရာ တွေကြောင့် သေဆုံးကုန်တာပါ။ ရာသီဥတုအခု ဖောက်ပြန်မှုကြောင့် သေဆုံးသူ အရေအတွက် ၈၅ ယောက်လောက်အထိရှိတယ်လို့ ထိုင်ဝမ်စောင့်ကြည့်ရေး သတင်း website မှာ ဖေါ်ပြထားပါတယ်။

ဂျပန်နိုင်ငံမှာတော့ တနင်္ဂနွေနေ့က လူ ၅ ဦးသေဆုံးပြီး ၁၀၀ လောက်ဒဏ်ရာရခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်ကစလို့ အကြီးအကျယ် နှင်းကျမယ်ဆိုပြီးတော့လည်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။ အခုလိုရာသီဥတု ဆိုးရွား နေတာကြောင့် ရထားတွေ၊ လေယာဉ်ခရီးစဉ်တွေလည်း ရပ်နားထားရပါတယ်။ ဟောင်ကောင်မှာ ရေခဲမိုးရွာသွန်းတာကြောင့် လမ်းတွေအပေါ် ရေခဲတွေဖုံးလွှမ်းသွားပြီးနောက် ရာဂဏန်းအတော်များများကို ကယ်တင်ခဲ့ပါတယ်။ ဒါ့အပြင် မူလတန်းကျောင်းတွေနဲ့ မူကြိုကျောင်းတွေ ဒီကနေ့ပိတ်ထားပြီး ဒါဟာ နှစ်ပေါင်း ၆၀ အတွင်း အအေးဆုံးဖြစ်ပါတယ်။

တရုတ်နိုင်ငံ ရာသီဥတု တိုင်းတာရေးဌာနတွေရဲ့ အဆိုအရ သောကြာနေ့ကစလို့ တနင်္ဂနွေနေ့ထိ အပူချိန်ကျဆင်းမှုဟာ သမိုင်းမှာ အဆိုးရွားဆုံးဖြစ်တယ်လို့ဆိုပါတယ်။ တောင်ပိုင်းမြို့Guangzhou မှာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ရေခဲမိုးရွာသွန်းတယ်လို့ ဒေသ ရာသီဥတုတိုင်းတာရေးဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ တောင်ကိုရီးယား နိုင်ငံမှာလည်း နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး နှင်းကျတာကြောင့် လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းထားရပြီး လူပေါင်း ၉ သောင်းလောက် သောင်တင်နေခဲ့ပါတယ် ။

ဒီကနေ့မှာတော့ အပန်ဖြေကျွန်း Jeju ကနေ ၃ ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် လေယာဉ် ပြန်လည်ပြေးဆွဲခဲ့ပါတယ်။ အဲဒီကျွန်းမှာ အပူချိန် အနှုတ် ၆. ၁ ဒီဂရီ Celsius ကျဆင်းသွားခဲ့တာပါ။ ဗန်ကောက်မြို့တော်မှာဆိုလျင်လည်း တနင်္ဂနွေနေ့နှောင်းပိုင်းက ၁၆ ဒီဂရီ celsius အထိ ကျဆင်းသွားခဲ့ပါတယ်။ ပူပြင်းတဲ့ ရာသီဥတုနဲ့ အသားကျနေသူတွေ ဗန်ကောက်မြို့သူမြို့သားတွေ အတွက်တော့ ဒါဟာအလွန်အေးတာကြောင့် နွေးထွေးတဲ့အ၀ည်အထည်တွေကို ၀တ်ဆင်နေကြရပါတယ်။

အစဉ်အလာမဟုတ်ပဲ အခုလို အပူချိန်ကျဆင်းတာကြောင့် ဗီယက်နမ်နိုင်ငံမှာလည်း လယ်သမားတွေဟာ စိုက်ခင်းတွေနဲ့ တိရိစ္ဆာန်တွေ သေဆုံးမှုမရှိအောင် ကြိုးစားနေကြပါတယ်။ နှစ်ပေါင်း ၄၀ အတွင်း အအေးဆုံးဆောင်းရာသီကို ကြုံတွေ့ရတာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ဒေသတွေမှာတော့ ၄ ဒီဂရီ Celsius အထိ ကျဆင်းသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အာရှ အအေးလှိုင်းကြောင့် လူအများအပြားသေဆုံး  အာရှ အအေးလှိုင်းကြောင့် လူအများအပြားသေဆုံး Reviewed by THITHTOOLWIN on 21:36 Rating: 5
Powered by Blogger.