အသက် ၈ နှစ်အရွယ် မိန်းကလေး ရိုက်နှက်နှိပ်စက်ခံရမှု ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စတင်စစ်ဆေးမည်


ရန်ကုန်၊ ဇန်န၀ါရီ ၂၅ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ နေအိမ်တစ်အိမ်တွင် အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး ကိုယ်လုံးတီးချွတ် ရိုက်နှက်နှိပ်စက်ခံရမှုကို လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်စစ်ဆေးရန် ဆင့်ခေါ် ထားကြောင်း ဗဟန်းမြို့နယ် တရားသူကြီးက ပြောသည်။

အမှုဖြစ်စဉ်နှင့်ပက်သက်၍ စွဲချက်တင်ရန် သင့်၊ မသင့်အား ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေ ၆၆(က) အရ ယနေ့ရုံးချိန်းတွင် အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းမြို့နယ် တရားသူကြီးက တရားခွင်တွင် ပြောသည်။

အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ စစ်ဆေးထားသည့် ဗိုလ်မှူးကျော်နုမော်၏ စစ်ဆေးချက်များကို ဇန်န၀ါရီ ၁၈ ရက်က တရားရုံးသို့ တင်ပြခဲ့ကြောင်း၊ မစုဝေ၏ ဆေးစာများ၊ သက်သေစစ်ချက်များ အပါအ၀င် ကျင့် ၂၀၂ ဖြင့် စစ်ဆေးရန် ညွှန်ကြားထားသည့် စစ်ဆေးချက် အပြည့်အစုံကို ဗဟန်းမြို့ နယ် တရားသူ ကြီးထံ တင်ပြပြီး
ဖြစ်ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ ထံမှ သိရှိရသည်။

“ လာမယ့် ဖေဖော်ဝါရီ ၈ ရက်မှာ စစ်ဖို့ တရားခံကို ဆင့်ခေါ်ထားတယ် ။ ခုချိန်ထိတော့ တရားခံက ရုံးရှေ့ မရောက်သေးဘူး” ဟု ဗဟန်းမြို့နယ် တရားသူကြီးကပြောသည်။ ပြီးခဲ့သည့် ၂၀၁၅၊ နိုဝင်ဘာလ ၁၉ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်သော facebook စာမျက်နှာတွင် တပ်မတော်သား လွှတ်တော်
ကိုယ်စားလှယ် ဖြစ်သူ ဗိုလ်မှူး ကျော်နုမော်၏ နေအိမ်ဖြစ်သော တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ နေအိမ် ခြံဝင်းအတွင်း မစုဝေမှာ ကိုယ်တုံးလုံးဖြင့် နေပူထဲတွင် လူမဆန်စွာ ရိုက်နှက် နှိပ်စက်မှုများ ခံနေရကြောင်း သတင်းနှင့် ဓာတ်ပုံ ဖော်ပြခဲ့ရာ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တို့က နေအိမ်အတွင်း ဝင်ရောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရှာဖွေခဲ့စဉ် နှိပ်စက်ခံရသူ ကလေးငယ် မစုဝေနှင့် ရိုက်နှက် နှိပ်စက်ခဲ့သူဟုဆိုသူ အသက် ၄၂ နှစ် အရွယ်ရှိ အိမ်အကူ ဒေါ်သန်းနွဲ့တို့မှာ ရုတ်တရက် ပျောက်သွားခဲ့ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အိမ်ရှင် ဗိုလ်မှူး ကိုယ်တိုင် ယင်းအမျိုးသမီးနှင့် ကလေးငယ်တို့ကို ခေါ်ဆောင်ကာ ဗဟန်းမြို့မ ရဲစခန်းသို့ လာရောက်
အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း၊ ရိုက်နှက်နှိပ်စက် ခံခဲ့ရသည့် မစုဝေ၏ ရင်ဘတ်၊ ကျော၊ ပေါင်နှင့် ပခုံးနှစ်ဖက်တို့တွင် အရှိုးရာ၊ ဒဏ်ရာများ ရရှိထားကြောင်း ဗဟန်းမြို့နယ် ရဲစခန်းမှ သိရသည်။

ယင်းသို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်၏နေအိမ်တွင် မိန်းကလေး ရိုက်နှက် နှိပ်စက်ခံရမှုမှာ အိမ်ရှင်ဖြစ်သူ ၎င်းတွင် တာဝန်ရှိသည့် အတွက်ကြောင့် ဗိုလ်မှူးကျော်နုမော်ကို စစ်ခုံရုံးဖွဲ့ စစ်ဆေးခဲ့ပြီး တပ်မတော်မှ အဆိုပါ ဗိုလ်မှူးအား ထုတ်ပယ်ခဲ့သည်။

မစုဝေ ရိုက်နှက် နှိပ်စက်ခံရခြင်းနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တောင်ငူမြို့နယ်၊ ပဲချက်ကုန်း ကျေးရွာအုပ်စု၊ ထန်းသုံးပင် ကျေးရွာတွင် နေထိုင်ပြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်မှူးကျော်နုမော်၏ နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် ဒေါ်သန်းနွဲ့ကို ဗဟန်းမြို့မရဲစခန်းက (ပ) ၄၆၅/၁၅၊ ကလေးသူငယ် ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း ယင်းမြို့မရဲစခန်း ထံမှ သိရှိရသည်။

သတင်း - မျိုးမင်းပိုင်
The Ladies News Journal
https://www.facebook.com/News.TheLadies
အသက် ၈ နှစ်အရွယ် မိန်းကလေး ရိုက်နှက်နှိပ်စက်ခံရမှု ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စတင်စစ်ဆေးမည်  အသက် ၈ နှစ်အရွယ် မိန်းကလေး ရိုက်နှက်နှိပ်စက်ခံရမှု ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စတင်စစ်ဆေးမည် Reviewed by THITHTOOLWIN on 19:26 Rating: 5
Powered by Blogger.