ကလေးသူခိုးဟုဆိုကာ ရွှေပွဲစား အမျိုးသမီးတစ်ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူး အပါဝင် လူ သုံးဆယ်ခန့်က ၀ိုင်းရိုက်သဖြင့် နံရိုးကျိုး


 ကလေးသူခိုးဟုဆိုကာ လက်ဝတ်ရတနာ ရောင်းချသည့် အမျိုးသမီးတစ်ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူး အပါအ၀င် လူ သုံးဆယ်ခန့်က ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ရိုက်နှက်ခံရသူ ကာယကံရှင် အမျိုးသမီးက မကွေးမြို့ခံ သတင်းမီဒီယာ သမားများထံ ဇန်န၀ါရီလ ၉ ရက်နေ့က ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်၍
ပြောဆိုသည်။

ဖြစ်စဉ်မှာ လက်ဝတ်ရတနာ ပစ္စည်းများကို အိမ်တိုင်ရာရောက် လိုက်လံရောင်းချသည့် ( အရပ်အခေါ် ရွှေပွဲစား ) မယုယုချိုမှာ ဇန်န၀ါရီလ ၅ ရက်နေ့က မကွေး ၊ မိချောင်းရဲ တိုက်နယ်ရှိ ၊ စိုင်ကျကျေးရွာသို့ လက်ဝတ်ရတနာများ သွားရောက်ရောင်းချပြီး မကွေးသို့ ပြန်ရန် ဆိုင်ကယ်ကယ်ရီ ငှားရမ်းနိုင်သည့် ဂိတ်သို့
ထွက်လာစဉ် အမည်မသိ အမျိုးသားတစ်ဦးမှ အတင်းအဓမ္မ ဆွဲလား ရမ်းလား ပြုလုပ်သဖြင့် အကူညီတောင်းရန် အနီးရှိနေအိမ်သို့ ၀င်ပြေးခဲ့ပြီး ထိုအိမ်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကံရွှေ၏ အိမ်ဖြစ်နေခဲ့သည်။

သူမအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ကလေးသူခိုးထင်၍ ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး မိချောင်းရဲ ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး နောက်တွင် ရဲစခန်းကလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ကလေးသူခိုးဟု သက်သေပြနိုင်ခြင်း မရှိ၍ ပြန်လွတ်ပေးခဲ့သည်ဟု ကာယကံရှင်ဖြစ်သူ မယုယုချိုက ပြောသည်။

"ကျွန်မညီမက နံရိုးတွေ ကျိုးထားကြောင်း ပြောတာတောင် ရဲတွေက မယုံကြောင်းပြောပြီး ငေါက်ငမ်းပြီး ဆက်ဆံခဲ့ကြပါတယ်။ ရဲစခန်းကို ရောက်တော့လည်း လက်ဝတ် ရတနာတွေကို ပန်းထိမ်ဆရာ ဆိုသူတွေနဲ့ ခေါ်ပြပြီး ပစ္စည်းသိမ်းဖို့တွေပဲပြောခဲ့ပါတယ်။ ကျွန်မ ညီမက အမှန်တွေ ပြောပြပေမယ့် နံရိုးနှစ်ချောင်း ကျိုးနေတာကို ပရုတ်ဆီလေးတောင် လိမ်းမပေးခဲ့ပါဘူး။ ကျွန်မနဲ့ အဆက်အသွယ်ရလို့ နီးစပ်ရာ ရဲတစ်ဦးက ကြားဝင်ကူညီတော့မှ ကျွန်မညီမကို လွှတ်ပေးခဲ့တာပါ " ဟု မယုယုချို၏ အစ်မဖြစ်သူမှ ဇန်န၀ါရီလ ၉ ရက်နေ့ မနက်ပိုင်းက မကွေးမြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

မတရားဖမ်းဆီး၍ ရိုက်နှက်ခဲ့မှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဋ္ဌာနချုပ် နစ်နာမှုများ တိုင်ကြားရေးဋ္ဌာနသို့ ဇန်န၀ါရီ ၉ ရက်နေ့ နံနက်က တိုင်ကြားထားပြီး မတရားဖမ်းဆီး ရိုက်နှက်ခဲ့သူများအား သက်ဆိုင်ရာသို့ တိုင်ကြားခြင်းနှင့် တရားစွဲမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဟု ကာယကံရှင်ဖြစ်သူက သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

သတင်း - ဦး(မကွေး)
The Ladies News Journal
https://www.facebook.com/News.TheLadies/
ကလေးသူခိုးဟုဆိုကာ ရွှေပွဲစား အမျိုးသမီးတစ်ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူး အပါဝင် လူ သုံးဆယ်ခန့်က ၀ိုင်းရိုက်သဖြင့် နံရိုးကျိုး  ကလေးသူခိုးဟုဆိုကာ ရွှေပွဲစား အမျိုးသမီးတစ်ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူး အပါဝင် လူ သုံးဆယ်ခန့်က ၀ိုင်းရိုက်သဖြင့် နံရိုးကျိုး Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.