ထိုးသတ်မည့် တွဲဆိုင်း အတည်ပြုခြင်း မရှိသေးသော်လည်း ပြိုင်ဘက်ကို အကောင်းဆုံး တုံ့ပြန်ယှဉ်ပြိုင်မည်ဟု အောင်လအန်ဆိုင်း ပြောကြား


 မြန်မာနိုင်ငံတွင် မတ်လ ၁၈ ရက်တွင် ကျင်းပမည့် One Championship ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်တိုင်းရင်းသား အောင်လအန်ဆိုင်းက ထိုးသတ်မည့် တွဲဆိုင်းကို အတည်ပြုခြင်း မရှိသေးသော်လည်း ပြိုင်ဘက်ကို အကောင်းဆုံး တုံ့ပြန်ကာ ယှဉ်ပြိုင်မည်ဖြစ်ပြီး မည်သည့် ပြိုင်ဘက်ကိုမှ ကြောက်ရွံ့နေမည် မဟုတ်ကြောင်း ဇန်နဝါရီလ ၇ ရက်က ပြုလုပ်သည့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အောင်လအန်ဆိုင်းသည် ကချင်ပြည်နယ် ၊ မြစ်ကြီးနားဇာတိဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်မှ စတင်ကာ MMA ပြိုင်ပွဲများတွင် ၀င်ရောက် ထိုးသတ်ခဲ့သူဖြစ်ပြီး မတ်လ ၁၈ ရက် တွင် ကျင်းပမည့် MMA ပြိုင်ပွဲအတွက် ငါးလခန့် နေရောညပါ လေ့ကျင့်ပြင်ဆင်ထားကြောင်း ၄င်းကဆိုသည်။

အမိမြေတွင် ထိုးသတ်ခွင့်ရခြင်းသည် ၎င်းအတွက် အိပ်မက်ကဲ့သို့ဖြစ်နေပြီး ပြိုင်ပွဲများနှင့် ဝေးကွာနေသည်မှာလည်း တစ်နှစ်ခွဲ ရှိပြီဖြစ်ကြောင်း၊ ငါးလခန့် ပြင်ဆင်ချိန်ရထားသည့် ယင်းပြိုင်ပွဲအတွက် တစ်နေ့လျှင် ငါးနာရီခန့် နေ့စဉ်လေ့ကျင့်ကြောင်း၊ တိုးတက်မှုများလည်း ရှိကြောင်း ၎င်းကဆိုသည်။

အသက် ၃၀ အရွယ်ရှိ အောင်လအန်ဆိုင်းမှာ MMA ပွဲစဉ် ၁၆ ပွဲထိုးသတ်ထားပြီး ကိုးပွဲနိုင်၊ ခုနစ်ပွဲရှုံးထားသည်။ မတ်လ ၁၈ ရက်တွင် ကျင်းပမည့် One Championship ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ရိုးရာလက်ဝှေ့ ကစားသမား လေးဦးလည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

“မြန်မာ့ရိုးရာ လက်ဝှေ့သမားတွေ အနေနဲ့ MMA ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ကမ္ဘာ ကျော်တဲ့ လက်ဝှေ့သမားတွေအဖြစ် အောင်မြင်စေချင်တယ်။ မြန်မာ့ရိုးရာ လက်ဝှေ့ကိုလည်း တိုးတက်အောင်လုပ်ရင်း တစ်ဖက်ကလည်း MMA ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် စေချင်တယ်။ ဒါမှ မြန်မာဆိုတာကို နိုင်ငံတကာက သိမှာ။ မြန်မာ့ရိုးရာ လက်ဝှေ့ကလည်း အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်” ဟု
အောင်လအန်ဆိုင်းက ပြောသည်။

အဆိုပါပြိုင်ပွဲကို စင်ကာပူအခြေစိုက် မီဒီယာလုပ်ငန်းစု One Championship (ONE) နှင့် မြန်မာနိုင်ငံမှ AGD ဘဏ်တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။

“ ဒီနှစ်ကတော့ ကျွန်တော်တို့ Partner အသစ်ဖြစ်တဲ့ AGD ဘဏ်ရဲ့ ပံ့ပိုးကူညီမှု နဲ့အတူ မြန်မာအားကစား လောကအတွက် အကြီးမားဆုံး အထောက်အကူ ဖြစ်လာမယ့် ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်သွားရန် ရည်ရွယ်ပြီး ပြန်ရောက်လာတာပါ” ဟု ONE Championship (ONE) ၏ CEO Victor Cui က ပြောသည်။

AGD ဘဏ် ၏ မန်းနေဂျင်း ဒါရိုက်တာ ဦးထူးထက်တေဇက ONE Championship အဖွဲ့အစည်းနှင့် ပူးပေါင်း ဆောင်ရွက်ရသည့် အဓိက ရည်ရွယ်ချက် သုံးချက်မှာ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာ တည်တံ့ရေး၊ ဆုံးဖြတ်ချက် တည်မြဲရေး နှင့် တိုးတက်ဖွံ့ဖြိုးရေး တို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
ထိုးသတ်မည့် တွဲဆိုင်း အတည်ပြုခြင်း မရှိသေးသော်လည်း ပြိုင်ဘက်ကို အကောင်းဆုံး တုံ့ပြန်ယှဉ်ပြိုင်မည်ဟု အောင်လအန်ဆိုင်း ပြောကြား  ထိုးသတ်မည့် တွဲဆိုင်း အတည်ပြုခြင်း မရှိသေးသော်လည်း ပြိုင်ဘက်ကို အကောင်းဆုံး တုံ့ပြန်ယှဉ်ပြိုင်မည်ဟု အောင်လအန်ဆိုင်း ပြောကြား Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.