ကျောက်ဖြူဒေသခံ ၃၀၀ ကျော် ပြည်တွင်းစစ် ရပ်စဲရေး လမ်းပေါ်ထွက် တောင်းဆို


ကျောက်ဖြူ၊ ဇန်န၀ါရီ ၁၀

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ပြည်တွင်းစစ် ရပ်စဲရေးအတွက် လူပေါင်း ၃၀၀ ကျော်သည် ယနေ့ ဇန်န၀ါရီလ ၁၀ရက်နေ့တွင် လမ်းပေါ်ထွက် တောင်းဆို ခဲ့ကြသည်ဟု သိရသည်။

ဆန္ဒဖော်ထုတ် တောင်းဆိုသူ၃၀၀ ကျော်ခန့်သည် ပြည်တွင်းစစ်ရပ်ပေးပါ၊ ပြည်တွင်းစစ် ချက်ချင်းရပ်၊ stop civil war စသည့် ပိုစတာများကို ကိုင်ဆောင်ပြီး ဘုရားကြီးတောင်ကွင်းမှ စတင်၍ မြို့တွင်းလှည့်လည်ကာ စစ်ပွဲများ ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသည်။

“ ပြည်တွင်းစစ်ချက်ချင်းရပ်၊ ငြိမ်းချမ်းရေးသာအလိုရှိသည်” စသည့် ကြွေးကြော်သံ များကို သံပြိုင် ကြွေးကြော် ဆန္ဒဖော်ထုတ် ခဲ့ကြသည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုထွန်းကြည် ကပြောသည်။

ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည် သွားနေချိန်တွင် ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော် တိုက်ပွဲတွေဖြစ်နေသဖြင့် ဖွံ့ဖြိုးရေး ဆိုတာ ရှိလာမှာ မဟုတ်ကြောင်း ငြိမ်းချမ်းမှုမရှိဘဲ ဖွံ့ဖြိုးမှုမရှိနိုင်ကြောင်း ကိုထွန်းကြည်က ဆက်လက် ပြောဆိုသည်။

“ ဖွံ့ဖြိုးတိုးတက်ရေး ဆီသွားနေပါတယ်လို့ ပြောနေ တဲ့ မြန်မာနိုင်ငံ မှာ ပြည်တွင်း စစ်တွေ ဖြစ်နေတာကို တွေ့နေရတယ်။ စစ်ဖြစ်နေရင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာလည်း ရှိလာမှာမဟုတ်ပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီကို အမြန်သွားချင်ပါတယ်။စစ်ပွဲ အမြန်ရပ်ပေးပါလို့ တောင်းဆို ပါတယ်” ဟု ကိုထွန်းကြည် ကပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ဒေါ်ကြည်ကြည်နှင်းကလည်း “ ပြသနာကို လက်နက်နဲ့ ဖြေရှင်းလို့ မရနိုင်ပါ။ ဆွေးနွေးပြီးမှသာ အဖြေရှာသင့်ပါတယ်။ အပြတ် ချေမှုန်းရေး ဆိုတဲ့ အနေအထားနဲ့ ရှေ့ကို ဆက်မသွားစေ ချင်တော့ဘူး။ ဒီလိုလုပ်နေရင် စစ်ပွဲတာရှည်နိုင်တယ်။ လူတွေလည်း ဒုက္ခ ရောက်တယ်။ ဆွေးနွေးပြီး စစ်ပွဲကို အမြန်ဆုံး ရပ်တန့်ပေး ပါလို့ တောင်းဆိုပါတယ်” ဟု ဒေါ်ကြည်ကြည်နှင်း ကပြောသည်။

ဆန္ဒဖော်ထုတ်ပွဲကို နေ့လယ် ၁ နာရီတွင် စတင်ခဲ့ပြီး ကျေးလက်ဒေသနှင့် ကျောက်ဖြူမြို့ပေါ်မှ လူပေါင်း ၃၀၀ ကျော်ခန့် ပူးပေါင်း ပါဝင်ခဲ့ကြသည်။

(ဓာတ်ပုံ- နိရဉ္စရာ/ ကျော်ဝင်း)
ကျော်ဝင်း
Arakan State
https://www.facebook.com/NarinjaraNews/
ကျောက်ဖြူဒေသခံ ၃၀၀ ကျော် ပြည်တွင်းစစ် ရပ်စဲရေး လမ်းပေါ်ထွက် တောင်းဆို   ကျောက်ဖြူဒေသခံ ၃၀၀ ကျော် ပြည်တွင်းစစ် ရပ်စဲရေး လမ်းပေါ်ထွက် တောင်းဆို Reviewed by THITHTOOLWIN on 17:26 Rating: 5
Powered by Blogger.