“နုရင်ဘတ် တစ္ဆေ” [သရ၀ဏ် (ပြည်)]


စင်စစ် နုရင်ဘတ် (နျူရင်ဘာ့ဂ်/Nuremberg) ဆိုသည်မှာ ကျွန်တော်တို့နေထိုင်ရာ မြန်မာပြည်မှ မိုင်ထောင် ပေါင်းများစွာကွာလှမ်းလှသော ဥရောပတိုက်၊ ဂျာမဏီနိုင်ငံ၏ မြို့လေးတမြို့သာဖြစ်သည်။ ထိုမြို့နှင့် မြန်မာနိုင်ငံသည် ဘာမှလဲ သမိုင်းကြောင်းအပတ်အသက်လည်းရှိသည် မဟုတ်။ ထိုမျှဝေးကွာလှသော အရပ်မှ မြို့တမြို့၏အမည်နာမသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ပတ် သက်နေသည်မှာ ထူးဆန်းသောဖြစ်ရပ်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးကိုပြောသောအခါ ၁၉၉၀ မှစကာ ယနေ့ ၂၀၁၆ နှစ်ဦးကာလအထိ နုရင်ဘတ်အတွေးအခေါ်က လွှမ်းမိုးနေဆဲ၊ နုရင်ဘတ်တစ္ဆေခြောက်နေဆဲရှိတာကို စိတ်မကောင်းစွာ တွေ့ရသည်။ နုရင်ဘတ်တစ္ဆေခြောက်ခံနေရသူများမှာ စစ်အာဏာရှင်အစိုးရ သာမက၊ အတိုက်အခံအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်ပြည်သူလူထုဟူ၍ သုံးဦးသုံးဖလှယ် ဖြစ်နေကြတာ တွေ့ရလေသည်။ ထိုမျှ အဆာကျယ် နာမည်ကြီးလေသော နုရင်ဘတ်သည် အဘယ်အရာမျိုးနည်း။ အသက် လေးဆယ်ကျော်အရွယ်များနှင့် စာဖတ်သူများက သိကြမည်ဖြစ်သော်လည်း၊ အသက်နှစ်ဆယ့်ငါးနှစ်အောက် လူငယ်များ၊ ကမ္ဘာ့ဖြစ်ရပ်များနှင့် အလှမ်းဝေးသူများကတော့ သေသေချာချာ သိချင်မှသိကြပေမည်။ စာရေး ခြင်းဆိုသည်မှာ သိပြီးသားသူကို ရည်ရွယ်ရေးသားခြင်းမဟုတ်မူဘဲ မသိသေးသောသူများသိပါစေဟူသော စေတနာဖြင့်ရေးသားရခြင်းဖြစ်ရာ နုနုရင်ဘတ်ဇာတ်ကြောင်းလေးကို အနည်းငယ် အတိုချုပ်ဇာတ်ကြောင်းလှန် ရပေအံ့။

ဒုတိယကမ္ဘာစစ်ကြီး ၁၉၄၅ တွင်ပြီးသောအခါ နာဇီဂျာမဏီ၊ ဖက်ဆစ်ဂျပန်၊ အီတလီနိုင်ငံများစစ်ရှုံး၍ အမေရိကန်၊ အင်္ဂလန်၊ ရုရှားစသော မဟာမိတ်နိုင်ငံများက စစ်ပွဲတွင်နိုင်လိုက်သည်။ ကမ္ဘာစစ်ကြီးပြီးသောအခါ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမဏီစစ်ခေါင်းဆောင်များ၏ ယုတ်မာညစ်ထေးလှသော Holocaust ခေါ် အစုလိုက် အပြုံလိုက် မျိုးဖြုတ်လူသတ်မှုများ၊ စစ်ရာဇ၀တ်မှုများအတွက် တရားခံနာဇီခေါင်းဆောင်များကို စစ်ခုံရုံးတင် စစ်ဆေးအပြစ်ပေးခဲ့သည်။ ထိုသို့ စစ်ခုံရုံးတင်ခြင်းကို ဂျာမဏီနိုင်ငံ နုရင်ဘတ်မြို့မှာပြုလုပ်ခဲ့သည်။ ထို့ကြောင့် နုရင်ဘတ် စစ်ခုံရုံးဟု ကမ္ဘာကျော်သည်။ ထိုသို့ခုံရုံးတင်ခံရမှာကြောက်သဖြင့် နာဇီဂျာမဏီခေါင်း ဆောင် အဓိပတိကြီးအဒေါ့ဟစ်တလာ၊ ဟိန်းနရစ်ခ်ျ ဟင်းမလား၊ ဂျိုးဇက်ဂိုဘဲလ် စသည့်ထိပ်သီးသုံးဦးသည် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြသည်။ ထို့ကြောင့် ထိပ်သီးခေါင်းဆောင်များမှာ စစ်ခုံရုံးတင်မခံလိုက်ရဘဲ ဘ၀ပြောင်းသွားကြသည်။ ကျန်သည့်နာဇီနိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်ထဲမှ တာဝန်အရှိဆုံး လူ ၂၃ ဦးကို နုရင်ဘတ်စစ် ခုံရုံးတင်ကာစစ်ဆေးခဲ့ရာ ၁၉၄၅ နိုဝင်ဘာ ၂၀ မှ ၁၉၄၆ အောက်တိုဘာ ၁ ရက်အထိကြာခဲ့ သည်။ စီရင်ချက်ချသောအခါ တရားခံ ၁၂ ဦးကို သေဒဏ်(ကြိုးပေးကွပ်မျက်ရန်) ချမှတ်ခဲ့သည်။ သုံးယောက်ကို တသက် တကျွန်းပြစ်ဒဏ်ချမှတ်ခဲ့သည်။ လေးဦးကို ဆယ်နှစ်မှ နှစ် ၂၀ အတွင်း ထောင်ဒဏ်အသီးသီးချမှတ်ခဲ့သည်။ သုံးယောက်ကို ပြစ်မှုမထင်ရှားသဖြင့် လွှတ်ပေးခဲ့သည်။ ၁၉၄၆ အောက်တိုဘာ ၁၆ ရက်တွင် သေဒဏ်ကျ တရားခံ ၁၁ ဦးကို ကြိုးပေးကွပ်မျက်ခဲ့သည်။ ဟားမန်းဂိုရင်းဆိုသူက ကြိုးမပေးမီနာရီပိုင်းအလိုတွင် ဆိုင်ယာနိုက်အဆိပ်သောက်၍ ကိုယ့်ကိုယ် ကိုယ်အဆုံးစီရင်သွားသည်။ ဤကား ပထမအသုတ် နုရင်ဘတ်စစ်ခုံရုံးတင်ခြင်း ဖြစ်သည်။ အမေရိကန်ဦးဆောင်၍ ပထမအသုတ်လောက် ပြစ်မှု မကြီးကျယ်သော နာဇီစစ်တရားခံများကို ဒုတိယအသုတ် နုရင်ဘတ်စစ် ခုံရုံးတင်သည်။ ထိုက်သင့် သောပြစ်ဒဏ်များခံကြရသည်။ ဤသို့ဖြင့် ကမ္ဘာပေါ်တွင် နုရင်ဘတ်စစ်ခုံရုံးသည် ထင်ရှားလာသည်။ အထူး သဖြင့် စစ်အတွင်း မတရားကျင့်ကြံခဲ့ကြသူများတချိန်တွင် တရားစီရင်ရေးအောက်တွင် အရေးယူခံကြရမည့် ကမ္ဘာ့သာဓကကြီးဖြစ်လာသည်။ ရာဇ၀တ်ဘေးပြေးမလွတ်သော ပြယုဂ်ကြီးဖြစ်လာသည်။ ယုတ်ကန်းသူတို့ပေး ဆပ်ရသည့်ပွဲကြီး ဖြစ်လာသည်။

ထိုနုရင်ဘတ်သည် မြန်မာပြည်သို့ မည်သို့မည်ပုံ ရိုက်ခတ်ပါသလဲ။ ၁၉၉၀ ပြည့်နှစ်မတိုင်မီအထိ မြန်မာ့နိုင်ငံရေး တွင် နုရင်ဘတ်ဆိုတာ မရောယှက်သေးချေ။ နုရင်ဘတ်ကသတ်သတ်၊ မြန်မာ့နိုင်ငံရေးက သတ်သတ်ဖြစ် သည်။ ထိုအချိန်တွင် ၁၉၉၀ မေလ ၂၇ တွင် ၂၆ နှစ်တာကာလ အတွင်း မြန်မာနိုင်ငံ၌ ပထမဆုံအကြိမ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပသည်။ ပါတီများစွာယှဉ်ပြိုင်သော်လည်း အဓိကအားဖြင့် လူထု ထောက်ခံသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် စစ်တပ်က ကျောထောက်နောက်ခံပေးထားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)တို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြသည်။ NLD နိုင်သည်။ အပြတ် အသတ်နိုင်သည်။ အစိုးရဖွဲ့နိုင်တော့မည့် လှိုင်းတံပိုးရိုက်လိုက်သလို သောင်ပြိုကမ်းပြိုနိုင်ခြင်းဖြစ်သည်။ ထိုအနိုင်ကြောင့် တပြည်လုံးဝမ်းသာကြသော်လည်း စစ်အစိုးရက မတုန်မလှုပ်လုပ်နေသည်။ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံပါမည်ဟုလည်းမပြော၊ လွှတ်တော်ခေါ်ပေးဖို့လည်း မပြော၊ ယုတ်စွအဆုံး အနိုင်ရပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံစကားပြောဖို့ကိုပင် မသိကျိုးကျွန်ပြုနေသည်။ တကမ္ဘာလုံးကရော၊ မြန်မာတပြည် လုံးကပါ NLD သည် အစိုးရဖွဲ့နိုင်တော့မည်ဟု ထင်ကြသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးပင် NLD ကို ရှေ့ဆုံးမှပြေးလာကာ ၀မ်းမြောက်ကြောင်း အသိအမှတ်ပြုချီးကျူးသည်။ ထိုအချိန်တွင် NLD ဒုဥက္ကဋ္ဌ ကာနယ်ကြည်မောင်(ခေါ်) ဦးကြည်မောင်သည် ၁၉၉၀ ဇူလိုင် လထုတ် Asia Week မဂ္ဂဇင်းတွင် အင်တာဗျူးတွေ့ဆုံမေးမြန်းခန်းပြုလုပ်ရာ မေးသူက စစ်အာဏာရှင်တွေအနေနဲ့ လူထုကလက်စားချေ လက် တုံ့ပြန်မှာကို စိုးရိမ်နေသလားမေးခဲ့သည်။ ထိုမေးခွန်းကို တကယ်တော့ ဦးကြည်မောင်သည် ဒေါ်အောင်ဆန်း စုကြည်ဖြေလေ့ရှိသော လက်သုံးစကားတခုနှင့်ဖြေဖို့ကောင်းသည်။ ဒေါ်အောင်ဆန်းစုကြည်သာဆိုလျှင် ''အဲဒါ ကတော့ စိုးရိမ်သလားမစိုးရိမ်သလားဆိုတာ ကာယကံရှင် စစ်အာဏာရှင်တွေကိုပဲ သွားမေးကြည့် လိုက်ပေါ့နော်''ဟု ရယ်ရယ်မောမော၊ ၀ိနည်းလွတ်ဖြေမည်ဖြစ်သည်။ သို့သော် ဦးကြည်မောင်ကတော့ ခပ်ရိုးရိုး ပဲတွေးကာ ''ဖြေရှင်းရမယ့်ပြဿနာတွေ အများကြီးရှိပါတယ်လို့ပဲ ကျွန်တော်ပြောပါမယ်၊ တကယ်တမ်းမှာတော့ ဂျာမန် ဘယ်နှယောက်များ နုရင်ဘတ်ခုံရုံးတက်ခဲ့ရလို့လဲ''ဟုဖြေခဲ့သည်။ သတင်းထောက်က ''ဒါဆိုရင် ရန်ကုန် မှာလဲ နုရင်ဘတ်ခုံရုံးရှိလာမယ်ဆိုတဲ့ သဘောပြောတာလား''ဟု ထပ်ဆင့်မေးရာ ''မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး။ သာမန်ပြည် သူတွေကတော့ စစ်သားတွေကို တိုက်ခိုက်မှာမဟုတ်ဘူးလို့ ကျွန်တော်မြင်တယ်၊ ဒါက သက်သက် ပုံကြီး ချဲ့တာပါ၊ ဗိုလ်ချုပ်ခင်ညွန့်လိုလူတွေကတော့ အကြောင်းကြောင်းကြောင့် မလုံမခြုံခံစားရမှာပေါ့''ဟု ရှင်းလင်းခဲ့၏။ ရှင်းကာမှ ပိုရှုပ်ဆိုသလို ဦးကြည်မောင်က ခုံရုံးတော့မတင်ဘူး၊ ဒါပေမဲ့ ဗိုလ်ချုပ်ခင်ညွန့်က သူ့ဘာသာကြောက်နေတာပါဟု ဆိုလိုဟန်ရှိသည်။ သို့သော် မြန်မာလိုပြောသည်ကို Asia Week က အင်္ဂလိပ်လို ဖော်ပြ၊ ထိုမှတဖန် မြန်မာမီဒီယာတွေက မြန်မာလိုဘာသာပြန် ထည့်ကြပြောကြသဖြင့် ဗိုလ်ချုပ်ခင်ညွန့်တို့ကို က နုရင်ဘတ်လို စစ်ခုံရုံးတင်မယ်လို့ပြောသလိုလို ဘာလိုလိုတွေနှင့် စကားတွေက ကားကုန်သည်။ သေချာသည်ကတော့ နုရင်ဘတ်ဆိုသောစကားကို သတင်းထောက်က စမေးခြင်းမဟုတ်ဘဲ ဦးကြည်မောင်က သူ့စိတ်ကူးနှင့်သူ ထည့်သွင်းအသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုအင်တာဗျူးဆောင်းပါးပါလာပြီး သည်နှင့် ပြဿနာများဆက်တိုက်ဖြစ်ပေါ်လာခဲ့တော့သည်။ ဦးကြည်မောင်၏ အပြစ်သက်သက်ဟုတော့ စွပ်စွဲ၍ မရ။ နင်မဟုတ်ရင်နင့်အဖေဟု အပြစ်ရှာစွပ်စွဲသော ၀ံပုလွေနှင့်သိုးငယ်လေးပုံပြင်လိုဖြစ်မည်။

ထိုအချိန်မှစကာ နုရင်ဘတ်တစ္ဆေသည် မြန်မာ့နိုင်ငံရေးတွင် ခြောက်လှန့်တော့သည်။ န၀တစစ်အစိုးရသည် နဂိုတည်းက NLD အနိုင်ရသည်ကို အာဏာမလွှဲချင်သဖြင့် ငြိမ်ချက်သားကောင်းကာ အပြစ်ရှာ၊ ချက်ကောင်း စောင့်နေသူဖြစ်သည်။ ဦးကြည်မောင်၏စကားက စစ်အစိုးရအသိုင်းအ၀ိုင်းထဲဝယ် ဗုံးတလုံးလို ပေါက်ကွဲသွားခဲ့ သည်။ စစ်သားပီပီ ဗိုလ်ချုပ်စောမောင်လမ်းစဉ်အတိုင်း ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာ လွှဲပေးချင်သော အဖွဲ့နှင့် NLD ကို အာဏာလွှဲမပေးဘဲ အပြတ်ချေမှုန်းချင်သော အဖွဲ့တို့နှစ်ဖွဲ့ အယူအဆကွဲသွားသည်။ နောက် ဆုံးတွင် တပ်မတော်က စစ်တန်းလျားပြန်ရေးအယူအဆ ရှုံးနိမ့်သွားပြီး ခေါင်းမာဂိုဏ်းသားများ နေရာရလာကြ သည်။ ဗိုလ်ချုပ်ခင်ညွန့်ခေါင်းဆောင်သော တပ်မတော်ထောက်လှမ်းရေးက ရွေးကောက်ခံ NLD အမတ်များကို အကြောင်းအမျိုးမျိုးဖြင့် ပိုက်စိပ်တိုက်ဖမ်းဆီးတော့သည်။ ဦးကြည်မောင် အင်တာဗျူးပါလာပြီး လွှတ်တော် အမတ်များအပါအ၀င် နိုင်ငံရေးလောကမှ လူ ၂၀၀ ခန့်ကို ဗိုလ်ချုပ်ခင်ညွန့်က ဖမ်းဆီးခဲ့သည်ဆို၏။ စစ်အစိုးရ၏ အဓိက စိုးရိမ်ပူပန်မှုမှာ သူတို့အာဏာလက်လွှတ်ခဲ့ရလျှင် သူတို့ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအတွက် နောက် ကြောင်း ပြန်တရားစွဲ အရေးယူခံရမည်ကို အဓိက ဖြစ်သည်။ ဓားကိုင်ထားသော လူတယောက်ထံမှ အခြား တယောက်က ဓားတောင်းသောအခါ ခင်ဗျားဒီဓားကိုရခဲ့ရင် ဘာလုပ်မလဲဟုမေးရာ အေး ဒီဓားကိုရရင် မင်းကို အရင်ခုတ်မယ်ဟုဖြေပါက မည်သူမှ အမိုက်ခံ၍ ဓားကိုလွှဲပြောင်းပေးမည်မဟုတ်ကြောင်း တချို့သူများက ထောက်ပြကြသည်။ အမှန်တော့ စစ်အစိုးရသည် နဂိုကတည်းက အာဏာမစွန့်ချင်သော စိတ်အခံရှိရာ ဦးကြည် မောင်၏ အင်တာဗျူးက အကြောင်းပြစရာသက်သက်ဖြစ်သွားပြီး ယိုးမယ်ဖွဲ့ခြင်းလည်း ဖြစ်ပုံပေါ်ပါပေ၏။ အာဏာအလွှဲအပြောင်းသည် အလွန်ညင်သာသောကိစ္စ ဖြစ်သည်။ ထို့ကြောင့် စစ်အစိုးရသည် သူတို့၏ စစ်ရေး၊ နိုင်ငံရေးအတွေးအခေါ်များတွင် နုရင်ဘတ်ခုံရုံးကိစ္စသည် ရှေ့တန်းမှ ထည့်သွင်းတွက်ချက်သော ကိစ္စဖြစ်လာ ပါသည်။ ထိုစိုးရိမ်မှုစိတ္တဇကြောင့်ပင် အမျိုးသားညီလာခံကို ဟန်ပြခေါ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်က ဦးစီးရေးဆွဲကာ ပုဒ်မ ၄၄၅ လို နောက်ကြောင်းပြန် အရေးမယူပါဘူးဆိုသော ပုဒ်မတွေ၊ တပ်မ တော်သား ၂၅ ရာခိုင်နှုန်းမပါဘဲ ဖွဲ့စည်းပုံပြင်လို့မရသော ပုဒ်မ ၄၃၆ လိုဟာတွေ၊ NLD က ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်မှာစိုးသောကြောင့် ကြံကြံဖန်ဖန်ထည့်ထားသော ပုဒ်မ ၅၉(စ)လိုဟာတွေကို အချိန်ဆယ်စုနှစ်ကျော်ကျော်ယူကာ ဖွဲ့စည်းပုံဥပဒေတွင် ထည့်သွင်းထားခဲ့ခြင်းဖြစ်သည်။ ယုတ်စွအဆုံးထို နုရင်ဘတ်ခြောက်လှန့်မှုသည် ရာထူးမှဆင်းကာနီး သမ္မတဦးသိန်းစိန်အထိပါ ရိုက်ခတ်ခဲ့တာသေချာသည်။ သမ္မတကြီးသည် ရာထူးမှဆင်းရကာနီး နောက်ဆုံးအချိန်တွင် ရာဇဣနြေ္ဒ ပင်မဆည်နိုင်တော့ဘဲ သမ္မတလုပ်ခဲ့ဖူးသူ၏ လုံခြုံဆိုင်ရာဥပဒေကို ပြဋ္ဌာန်းပြီး သမ္မတသည်တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း တာဝန်အရပြုလုပ် ဆောင်ရွက်ခဲ့သည်များအပေါ် တရားစွဲဆိုခြင်း၊ အရေးယူခြင်းမပြုရဟု ဥပဒေပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းခဲ့သည်။ စစ်အစိုးရအဖွဲ့ဝင်ဟောင်းများတွင် နုရင်ဘတ်အိပ်မက်ဆိုးက ယခုထက်တိုင် ခြောက်လှန့်နေ ဆဲရှိကြောင်း မြင်လိုက်ရ၏။ အတိုက်အခံ(ယခုအခါ အာဏာရပါတီဖြစ်တော့မည့်) NLD သည်လည်း နုရင်ဘတ် တစ္ဆေခြောက်ခံရခြင်းမှမလွတ်သေးပေ။ ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲပြီးသောအခါ အနိုင်ရလွှတ်တော်ကိုယ် စားလှယ်များကို မီဒီယာများနှင့်တွေ့ဆုံစကားမပြောဖို့ ပိတ်ပင်လိုက်သည်။ NLD ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်အား RFA ရေဒီယို သတင်းဌာနက ၂၀၁၆ ဇန်န၀ါရီ ၅ ရက်က အင်တာဗျူးပြုလုပ်ရာ မေးမြန်းသူက-

''အခုဆိုရင် NLD ထဲက အမတ်တွေတော်တော်များများကလည်း မပြောရဲမဆိုရဲဖြစ်နေကြတာ တွေ့ရပါတယ်။ ပါတီထိပ်ပိုင်းမှာဆိုရင် အန်ကယ်တို့နှစ်ယောက်၊ သုံးယောက်လောက်ကပဲ ပြောနိုင်တယ်ဆိုပြီးတော့ပေါ့လေ၊ သူတို့ပြောကြတာရှိပါတယ်''ဟူ၍ မေးသည်ကိုဦးဝင်းထိန်က ''မပြောရဲမဆိုရဲဖြစ်တာ မဟုတ်ဘူး၊ ပြောချင် ကြတာ။ ကျုပ်တို့က မပြောနဲ့လို့တားထားတာ။ အကြောင်းတွေရှိတယ်ဗျ။ ၁၉၉၀ ရွေးကောက်ပွဲ ၀င်တုန်းက ဦးကြည်မောင်ပြောတဲ့စကားတခွန်းကို အထအနကောက် ပြီးတော့ ဗိုလ်ချုပ်ခင်ညွန့်ကနေ လူ ၂၀၀ လောက် ထောင်ထဲပို့ပစ်တာလေ။ နောက်ပြီး အဲဒါကိုအကြောင်းပြုပြီး အာဏာမလွှဲဘူး၊ ဘာညာပေါက်ကရလျှောက်လုပ် တာ။ အဲဒါမျိုးတွေက ကျွန်တော်တို့က ခံခဲ့ရပေါင်းများပြီ။ ခဲမှန်ဘူးတဲ့စာသငယ်လို ဖြစ်နေတယ်''ဟုဖြေကြားခဲ့၏။ ထို့ကြောင့် NLD ပါတီတွင်လည်း ဦးကြည်မောင်လက်ထက်က ဖြစ်ပွားခဲ့သော နုရင်ဘတ်ကိစ္စသည် ခြောက်လှန့်နေဆဲဖြစ်၍ ယခုတိုင်တထိတ်ထိတ်နှင့် နေနေရကြောင်း ထင်ရှားပေသည်။

''ပြည်သူလူထုဘက်ကရော။ ပို၍ဆိုးသည်။ ကျွန်တော်တို့သည် ရွေးကောက်ပွဲတွင် ကိုယ်နိုင် စေချင်သော ပါတီနိုင်သဖြင့် ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံလိုသည်။ ကိုယ်အမြင်ကတ်သော သူများရှုံးနိမ့်သွားသဖြင့် အားရပါးရ အထိမ်းအမှတ်ပွဲများ ကျင်းပလိုသည်။ အနည်းဆုံး မီးရှူးမီးပန်းများ လွှတ်လိုသည်။ အောင်ပြီဟေ့ဟု လက်သီး လက်မောင်းတန်းကာ အားပါးတရဟစ်ကြွေးချင်သည်။ ဘီယာခွက်ချင်းတိုက်ကာ ချီးယားစ်ဟု အော်ချင်သည်။ ဟိုလူကြီး ပြုတ်သွားတဲ့အတွက်ဟု ဘီယာဖန်ခွက်ချင်း ချွင်ခနဲမြည်အောင် မြို့လယ်ကောင်တွင် အောင်ပွဲခံလို သည်။NLD နိုင်သဖြင့် အိုးစည်ဒိုးပတ်နှင့်ထွက်လိုသည်။ ၁၉၉၀ တုန်းကပြည်မြို့တွင် ရွှေခမောက်တခုလုပ်၍ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ကို အချို့က အခမ်းအနားနှင့်လက်ဆောင်ပေးကြသည်။ ထိုသို့မဟုတ်တောင် လွှတ်တော်အမတ်များနှင့်အတူ ညစာစားပွဲလောက်တော့လုပ်ချင်သည်။ (၂၇)နှစ်၊ (၂၈)နှစ် တတိုင်းတပြည်လုံး လက်တွဲဆောင်ရွက်ခဲ့သော မစ်ရှင်တခု၊ တော်လှန်ရေးတခု အောင်မြင်ခြင်းအထိမ်းအမှတ်ကို ပျော်ပျော်ပါးပါး ဆင်နွှဲချင်သည်။ သို့သော်ပြည်သူအားလုံးရင်ထဲတွင် စိုးရိမ်သောကတွေ ရှိနေသည်။ နုရင် ဘတ်ခုံရုံးကဲ့သို့သော ကိစ္စများပေါ်လာမှာကို စိတ်ပူကြသည်။ အနိုင်ရသော အမတ်များ တယောက်ပြီးတယောက် ထောင်ထဲရောက် ကုန်မှာကို တွေးပူကြသည်။ ၁၉၉၀ တွင် ဗိုလ်ချုပ်ခင်ညွန့်တို့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ညစ်သလို ထပ်ညစ်မှာ ကို ကြောက်ရွံ့ကြသည်။ ၂၀၁၅/၂၀၁၆ တွင် နုရင်ဘတ်ပြန်ပေါ်လာမှာကို ကြောက်ကြသည်။ ထို့ကြောင့် လူထုသည် ဓားပြရှေ့တွင် ထီပေါက်ကြောင်းမကြုံးဝါးရဲသလို တိတ်တိတ်ကလေး ကလေးမသာမျက်နှာ လေးတွေနှင့် ရွေးကောက်ပွဲအလွန်ကာလကို ခက်ခက်ခဲခဲဖြတ်သန်းရသည်။ အော် ပျော်တာပင် ရဲရဲမပျော်ဝံ့၊ အောင်ပွဲခံတာပင် ရဲရဲအောင်ပွဲမခံဝံ့သော တိုင်းပြည်ပါတကား။

၂၀၁၆ ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်သူ့လွှတ်တော်အသစ်၊ အမျိုးသားလွှတ်တော်အသစ်ခေါ်ပေးတော့မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ကကြေညာခဲ့ပြီ။ ၁၉၉၀ ထက်တော့ တိကျရေရာမှုသာလွန်မြင့်မားသော အဆင့်အထိရှိလာခဲ့ပေပြီ။ စီစဉ်ထားသည့်အတိုင်းသာ လွှတ်တော်ခေါ်နိုင်ခဲ့လျှင် ဖေဖော်ဝါရီပထမပတ်တွင် လွှတ်တော်ဥက္ကဋ္ဌများ ရွေးနိုင်ပေလိမ့်မည်။ ဖေဖော်ဝါရီ ဒုတိယပတ်တွင် သမ္မတတဦး ဒုတိယသမ္မတနှစ်ဦးရွေးချယ်ပြီး ဖြစ်ပေလိမ့်မည်။ ဖေဖော်ဝါရီတတိယပတ်တွင် အစိုးရ အဖွဲ့ဝန်ကြီးစာရင်းကိုကြေညာနိုင်ပေလိမ့်မည်။ ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ။ စာရင်းစစ်ချုပ်၊ ရှေ့နေချုပ် စသည့် ရာထူးများစွာကို ကြေညာနိုင်လိမ့်မည်။ မတ်လ ပထမပတ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ ပြည်နယ်ဝန်ကြီးချုပ်များကို ကြေညာနိုင်ပေလိမ့်မည်။ မတ်လလယ် သို့မဟုတ် မတ်လကုန်တွင် အစိုးရသစ်သည် အစိုးရဟောင်းထံမှ နိုင်ငံတော်အာဏာ ယန္တရားကို လွှဲပြောင်းရယူနိုင်ပေလိမ့်မည်။ ထိုအချိန်သို့ အမြန်ဆုံးရောက် လိုပါသည်။ ထိုအချိန်သို့ရောက်မှသာ ၁၉၉၀ ဇူလိုင်လမှစကာ တနိုင်ငံလုံးကိုခြောက်လှန့်ခဲ့သော နုရင်ဘတ်တစ္ဆေသည် မြန်မာ့နိုင်ငံရေးမှ ချုပ်ငြိမ်းသွားပေလိမ့်မည်။ စစ်အာဏာရှင်၊ NLD နှင့် ပြည်သူလူထု သုံးဦးသုံး ဖလှယ်လုံး မအေးငြိမ်းသွားစေနိုင်သေးသည့်တိုင် အနည်းဆုံးအားဖြင့် နုရင်ဘတ်အိပ်မက်ဆိုးသည် ထိုကာလလောက် ဆိုလျှင် NLD ထံတွင် လည်းကောင်း၊ မြန်မာပြည်သူလူထုထံတွင်လည်းကောင်း ရှိတော့မည် မဟုတ်တာ သေချာပေပြီ။ စစ်အာဏာရှင်တို့ထံမှာ နုရင်ဘတ်အိပ်မက်ဆိုး ဆက်ပြီးရှိမရှိဆိုတာကတော့ သူတို့ပဲသိနိုင်မည် ဖြစ်သည်။ ရှိခဲ့သည်ဆိုလျှင်တောင် နုရင်ဘတ်လိုခုံရုံးတင်ခံရခြင်းမျိုးမရှိနိုင်ဘဲ သမိုင်းတွင် သူတို့ ဘာတွေလုပ်ခဲ့ သလဲဆိုတာပေါ်မူတည်ပြီး တယောက်ချင်း၏ စိတ်ထဲတွင် မသေမချင်းရှိနေမည့် အတွင်းတစ္ဆေတကောင်အဖြစ် သာ သူတို့အားလုံး၏ စိတ်ထဲဝယ် ခြောက်လှန့်နေတော့မည်ဖြစ်ပေသည်။

သရ၀ဏ်(ပြည်)
ကိုးကား - စောင့်ကြည့်ဂျာနယ် အတွဲ(၁၀) အမှတ်(၃၆)၊
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
“နုရင်ဘတ် တစ္ဆေ” [သရ၀ဏ် (ပြည်)]  “နုရင်ဘတ် တစ္ဆေ” [သရ၀ဏ် (ပြည်)] Reviewed by THITHTOOLWIN on 14:31 Rating: 5
Powered by Blogger.