ဗန်းမောက်မြို့နယ်အတွင်း တရားမဝင် ရွှေတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလျက်ရှိ


ဗန်းမောက် ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက် မြို့နယ်သည် သဘာဝအရင်းအမြစ်များ ပြည့်စုံကြွယ်ဝသော မြို့နယ် ဖြစ်ရာ အဖိုးတန်ကျွန်းသစ်နှင့် သစ်မျိုးစုံထွက်ရှိပြီး မြေအောက် သယံဇာတ ရွှေသတ္တုများလည်း ထွက်ရှိကြောင်း သိရသည်။ မြေပေါ်မြေအောက် သယံဇာတများကို စည်းကမ်းတကျ ထုတ်ယူမှုမရှိခြင်းတို့ကြောင့် ဒေသအတွင်း လယ်ယာမြေနှင့် သစ်တောပြုန်းတီးမှုများ အပြင်ချောင်း၊ လူနှင့် တိရစ္ဆာန်တို့ ရေမြောင်းများအတွင်းမှ သောက်သုံး ရေအဖြစ်အသုံးပြုနိုင်မှု နည်းပါးလာပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဗန်းမောက်မြို့နယ်၏ သစ်တော ကြီးထဲတွင် ထူးခြားသော ဇလုံတောင်မှာ အံ့ဖွယ်နေရာတစ်ခုဖြစ်ပြီး ထိုတောင်ပေါ်မှ သဘာဝသစ်တောကြီးများကို ရင်သပ်ရှုမောဖွယ် ရှုမြင်နိုင်မည်ဖြစ်ပါသည်။ ဇလုံတောင်သို့ ပြည်တွင်းဘုရားဖူးများအပြင် နိုင်ငံခြားသားများပါ လာရောက်လည်ပတ်ကြကြောင်း ဗန်းမောက်မြို့နေ ဦးထွန်းထွန်းက ပြောသည်။

ဗန်းမောက် မြို့နယ်အတွင်း ကျောက်ရွှေတူးဖော်ခြင်းနှင့် ဗြုန်းရွှေ တူးဖော်ခြင်းလုပ်ငန်းများကို ကုမ္ပဏီများအပြင် တရားမဝင်ရွှေတူးဖော်ခြင်းများ၊ လယ်ယာမြေနှင့် သစ်တော ကြိုးဝိုင်းများအတွင်း တူးဖော်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

''ကျွန်တ်ာတို့ ကုမ္ပဏီကကျောက်ရွှေ တူးတာဖြစ်ပြီး အနက်ပေ ၂၅ဝ ကျော် ပြီဖြစ်ပါတယ်။ ပေ ၁ဝဝ တွင် လိုဏ်ခေါင်းတစ်ခု၊ ပေ ၁၅ဝ တွင် လိုဏ်ခေါင်းတစ်ခု၊ ပေ ၂၅ဝ တွင် လိုဏ်ခေါင်းတစ်ခုတို့ကို တူးဖော်နေပါတယ်။ နေ့ဆိုင်း၊ ညဆိုင်းအဖြစ် လုပ်သားအင်အား ၄ဝ ခန့်ဖြင့် လုပ်ဆောင်လျက်ရှိပါတယ်''ဟု စုံးတော် ကျေးရွာအုပ်စုအတွင်း ကျောက်ရွှေ တူးဖော်လျက်ရှိသော ကုမ္ပဏီမှ လုပ်သားတစ်ဦးက ပြောသည်။

''ကျွန်တော်တို့က ကုမ္ပဏီလုပ်ကွက် အတွင်းကတစ်ဆင့် အစုစားအဖြစ် ကျောက်ရွှေတူးဖော်တာဖြစ်ပါတယ်။ ရွှေသတ္တုရောနေတဲ့ ကျောက်တွေကို အရင်ကြိတ်ရပါတယ်။ ချက်ကန်ထဲ ထည့်ပြီး ထုံးနဲ့ ရောရပါတယ်။ အဲဒီ တုန်းက ကျောက်သဲထဲပါတဲ့ အချဉ် ဓာတ်တွေကို ဖျက်ပေးတာဖြစ်ပြီး ရေလဲပြီးပါက ဆာရာနိုက်၊ ကော့ စတစ်တို့ကို အချိုးချ ရောစပ်ရေလဲ ရပါတယ်။ PH အချိုးကျပါက ကာဗွန်နဲ့ ချိတ်ရပါတယ်။ ကာဗွန် ချောင်းထဲတွင် ရွှေမှုန်များ ညိကပ်စွဲ ယူထားပြီး ရွှေအဖြစ် ထုတ်ယူရပါ တယ်''ဟု စုံးတော်ကျေးရွာ အုပ်စုအတွင်း လာရောက်လုပ်ကိုင်သော ရွှေလုပ်သားတစ်ဦးကပြောသည်။ ''ချက်ကန်ဆေးရေတွေကိုတော့ လုပ်ကွက်အနီးနားမှာရှိတဲ့ကျင်းတွေထဲ စွန့်ပစ်ပါတယ်''ဟုအဆိုပါ ရွှေလုပ် သားက ဆက်လက်ပြောသည်။

''ကျွန်တော်တို့ မဲဇာမြစ်ကို ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း တောင်တန်းကြီးများမှ စတင်ကာ ဗန်းမောက်မြို့နယ် ဘူးတောင်းရွာ တောင်သုံးလုံးမှ စီးဆင်းလာရာ နန့်ဟယ်ချောင်း၊ လယ်ဦး၊ ထီးတော် လိုင်၊ဟဲချိန်၊ ပန်းတော၊ ပါတက်၊ ပေကုန်း၊ မို့တောင်၊ ခေါပုတ်ချောင်း၊ နားယကာချောင်း၊ တောင်ချောင်း၊ ပေါက်ချောင်းများအတွင်း ချောင်းဘေးမှ လယ်ယာမြေအချို့တို့ကို ဒေသခံများထဲတွင် တစ်ဧက ကျပ်သိန်း ၅ဝ မှ ၁ဝဝ ကျော်အထိ ပေးဝယ်ကာ ရွှေတူးဖော်နေကြတယ်။ ရွှေတူးဖော်မှုဟာ ယခင်ကလို မဟုတ်တော့ဘဲ စက်ယန္တရားတွေနဲ့ပါ တူးဖော်နေကြ၍ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုတွေ မြန်ဆန် လာပါတယ်''ဟု ဟဲချိန်ရွာမှ ကိုစန်းက ပြောသည်။

(မောင်ချစ်လင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဗန်းမောက်မြို့နယ်အတွင်း တရားမဝင် ရွှေတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလျက်ရှိ  ဗန်းမောက်မြို့နယ်အတွင်း တရားမဝင် ရွှေတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလျက်ရှိ Reviewed by THITHTOOLWIN on 10:34 Rating: 5
Powered by Blogger.