အနောက်ပိုးကရင်စာ မသင်ဖူးသေးသည့် ရွာ ၅၀ ဖော်ထုတ်သင်ပေးရန် စီစဉ်နေ


ဇန်နဝါရီ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ဧရာဝတီတိုင်း၊ မြို့နယ် ၂၆ မြို့နယ်အတွင်းရှိ အနောက်ပိုးကရင်စာ မသင်ဖူးသေးသည့် စံပြကျေးရွာ (၅၀)ကို ဖော်ထုတ်ကာ ယခုနှစ်၊ နွေရာသီ၌ ယင်းစာသင်ကြားပေးနိုင်ရန် စီစဉ်နေသည်ဟု အနောက်ပိုးကရင်စာပေ လူငယ်များအဖွဲ့မှ တာဝန်ရှိသူ စခွါခွါက ဇန်နဝါရီ ၂၅ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

“ကျနော်တို့အနေနဲ့ ကရင်စာပေကို အနှစ် ၂၀ကျော်၊ ၃၀ လောက် ဝေးကွာပြီး မသင်ကြားခဲ့ရတဲ့ ကျေးရွာ ၅၀ ကို ဖော်ထုတ်ပြီးတော့ အဲ့ဒီကျေးရွာမှာ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ ဆရာ၊ ဆရာမတွေကို ပံ့ပိုးကူညီဖို့ အခု ကျနော်တို့အဖွဲ့အနေနဲ့ ဧရာဝတီတိုင်းမှာရှိတဲ့ မြို့နယ်တချို့ကို ကိုယ်တိုင်ကွင်းဆင်းပြီး အချက်အလက်တွေ ရယူနေတယ်״ဟု စခွါခွါက ပြောသည်။

ယခု ဇန်နဝါရီမှစ၍ ကရင်စာပေအားနည်းနေသည့် ညောင်တုန်း၊ ဓနုဖြူ၊ ဟင်္သာတမြို့နယ်များသို့ ကွင်းဆင်း ဆောင်ရွက်နေပြီဖြစ်သလို စာသင်ကြားရန် စီစဉ်နေသည့် ယင်းစံပြကျေးရွာ ၅၀၌လည်း လက်ရှိတွင် ကျေးရွာတစ်ရွာချင်းစီ၏ ကျောင်းသားဦးရေနှင့် လိုအပ်သော ထောက်ပံ့မှုပုံစံများကို အချက်အလက် ကောက်ယူနေကြသည်ဟု စခွါခွါက ဆက်ပြောသည်။

ထို့အပြင် အဆိုပါ အနောက်ပိုးကရင်စာပေလူငယ်များအဖွဲ့သည် စာသင်ကြားပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ ဧရာဝတီတိုင်းအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များ၏ ကရင်စာပေ ယဉ်ကျေးမှုကော်မတီအဖွဲ့ အချို့နှင့် သွားရောက်တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ကာ လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများအတွက် တောင်းဆိုဆွေးနွေးထားသည်ဟု သိရသည်။

ယင်းစာသင်ကြားသွားမည့်အပေါ် ဓနုဖြူ စာ/ယဉ်နာယာက နမ့်ခင်အေးဦးက “ကျမတို့အနေနဲ့ အခုလို လူငယ် တွေ အမျိုးသားစာပေအတွက် လုပ်စေချင်တာ ဖြစ်စေချင်တာကို အားပေးတယ်။ ဖြစ်လည်း ဖြစ်စေချင်တယ်။ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ကျမတို့ မြို့နယ်မှာ ရှိတဲ့ ရွာတွေကိုတော့ လိုက်ပြီး စည်းရုံးထားပေးတာမျိုး ရှိတယ်״ဟု ကေအိုင်စီသို့ ပြောသည်။

ဧရာဝတီတိုင်းတွင် ယခင် အမျိုးသားခေါင်းဆောင်များ မွေးဖွားထွက်ပေါ်ခဲ့ဖူးသည့် ဓနုဖြူ၊ ညောင်တုန်း၊ မအူပင် ကဲ့သို့သော မြို့နယ်များ၌ ခေတ်အဆက်ဆက် အစိုးရ၏ ဖိနှိပ်ထားမှုများကြောင့် စာပေအပေါ် စိတ်ပါဝင်စားသူ နည်းပါးသွားခဲ့သည်။ ထို့အတွက် စာသင်ကြားမှုများ ပြုလုပ်မည်ဆိုပါက ကျေးရွာများကို အရင်စည်းရုံးပြီးမှသာ စာသင်ကြားမှု စတင်လုပ်ဆောင်သင့်သည်ဟုလည်း နမ့်ခင်အေးဦးက အကြံပြုပြောဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကရင်လူမျိုးများနေထိုင်သည့် မြို့နယ်ဒေသ အသီးသီးတွင် ကရင်စကား ပြောဆိုတတ်မြောက်မှုမှာ ကရင်လူဦးရေ၏ ရာနှုန်းထက်ဝက်မျှသာ ကျန်ရှိကြောင်းနှင့် ကရင်စာပေရေးသား ဖတ်ရှုတတ်မြောက်မှုမှာ ၁ ရာခိုင်နှုန်းမျှသာ ရှိတော့သည်ဟု စာ/ယဉ်အသိုင်းအဝိုင်းများထံမှ သိရသည်။

ကရင်စာပေအကျိုးပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ အနောက်ပိုးကရင်စာပေလူငယ်များ အဖွဲ့ကို ၂၀၁၄ခုနှစ်၊ အောက်တိုဘာ ၁၅ရက်နေ့တွင် နိုင်ငံတကာရောက် ကရင်လူငယ်များနှင့် ပြည်တွင်းရှိ ကရင်လူငယ်များဖြင့် ချိတ်ဆက်ဖွဲ့စည်းခဲ့သည်။ အဆိုပါ အဖွဲ့သည် ယခင်နှစ်က ဧရာဝတီတိုင်းအတွင်းရှိ စံပြကျေးရွာ ၁၀ ရွာကို ဖော်ထုတ်ကာ ကရင်စာပေ သင်ကြားပေးခဲ့ပြီးဖြစ်သည်။

 စအိုင်ဆူး
ကေအိုင်စီ - KIC
http://kicnews.org
အနောက်ပိုးကရင်စာ မသင်ဖူးသေးသည့် ရွာ ၅၀ ဖော်ထုတ်သင်ပေးရန် စီစဉ်နေ  အနောက်ပိုးကရင်စာ မသင်ဖူးသေးသည့် ရွာ ၅၀ ဖော်ထုတ်သင်ပေးရန် စီစဉ်နေ Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.