Trump ရဲ့ မူဆလင် ဆန့်ကျင်ပြောဆိုမှု ကမ္ဘာတုံ့ပြန်


အမေရိကန်ပြည်ထောင်စုမှာ ရီပတ်ပလစ်ကန်ပါတီဘက်က သမ္မတလောင်းအဖြစ် အရွေးခံနိုင်ဖို့ ကြိုးစားနေသူ Donald Trump က အမေရိကန်နိုင်ငံထဲကို မူဆလင်တွေ လာရောက်ခွင့် လုံးဝ ပိတ်ပင်သင့်တယ်လို့ ပြောကြားခဲ့တဲ့အပေါ် ကမ္ဘာတဝှမ်းက ဝေဖန်မှုတွေ ခံနေရပါတယ်။ နောင်ဖြစ်လာနိုင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို သဘောပေါက်အောင် မလုပ်နိုင်သရွေ့ မူဆလင်တွေကို အမေရိကန်ထဲ လာခွင့် လုံးဝ ပိတ်ပင်သင့်တယ်လို့ ရီပတ်ပလစ်ကန်ပါတီဘက်မှာ ထောက်ခံမှု အများဆုံးရနေတဲ့ Donald Trump က ပြောကြားခဲ့တာပါ။

ဒီလိုပြောကြားခဲ့တာဟာ ဆိုးကျိုးဖြစ်စေတဲ့ စော်ကားပြောဆိုမှု ဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ သူပြောတဲ့အတိုင်းသာ လက်တွေ့ အကောင်အထည် ဖော်မယ်ဆိုရင် ဒါဟာ အမေရိကန်ဖွဲ့စည်းပုံကို ချိုးဖောက်ရာ ရောက်နေတဲ့အတွက် အမေရိကန်သမ္မတ ဖြစ်ခွင့်မရှိဘူးလို့ အိမ်ဖြူတော် ပြောခွင့်ရသူက ပြောခဲ့ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ကလည်း ဒီလိုပြောဆိုမှုက အမေရိကန်အမျိုးသားလုံခြုံရေးကို ထိခိုက်စေတယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အစ္စလာမ်ဘာသာနဲ့ မူဆလင်တို့အပေါ် စစ်ပွဲဆင်နွှဲနေတယ် ဆိုတဲ့ အမြင်မျိုး ရောက်အောင်နဲ့ တင်းမာမှုတွေဖြစ်အောင် ပြောကြားမှုမှန်သမျှဟာ IS စစ်သွေးကြွတွေကို နှိမ်နင်းနိုင်ဖို့ လုပ်နေတဲ့ အမေရိကန်ရဲ့ အားထုတ်မှုကို ထိခိုက်စေပြီး အမေရိကန်တန်ဖိုးနဲ့ ဆန့်ကျင်နေတယ်လို့ ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရသူ Peter Cook က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

IS တွေကို နှိမ်နင်းနိုင်ဖို့ အမေရိကန်အနေနဲ့ မူဆလင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာကိုလည်း ထည့်ပြီး ပြောသွားပါတယ်။  Donald Trump ရဲ့ အစီအစဉ်ဟာ သဘောထား ကွဲပြားစေတယ်၊ အကျိုးမရှိတဲ့အပြင် မှားယွင်းနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron ကလည်း ပြောကြားခဲ့ပါတယ်။

အခုလို အမုန်းပွား ပြောကြားမှုတွေကို မဲဆွယ်တဲ့နေရာမှာ သုံးတာဟာ ဒုက္ခသည်နေရာချထားရေး အစီအစဉ် ထိခိုက်နိုင်တယ်လို့ ဆီးရီးယား လူမျိုးတွေ အပါအဝင် ဒုက္ခသည်တွေ အမေရိကန်မှာ နေရာချထားရေး ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂအေဂျင်စီ ပြောခွင့်ရသူကလည်း ပြောကြားခဲ့ပါတယ်။

VOA Burmese
http://burmese.voanews.com
Trump ရဲ့ မူဆလင် ဆန့်ကျင်ပြောဆိုမှု ကမ္ဘာတုံ့ပြန် Trump ရဲ့ မူဆလင် ဆန့်ကျင်ပြောဆိုမှု ကမ္ဘာတုံ့ပြန် Reviewed by Unknown on 11:22 Rating: 5
Powered by Blogger.