ISIS အဖွဲ့အပေါ် တိုက်ခိုက်မှုတွင် ကူညီမည့် ဂျာမနီ၏ ပထမဆုံးတပ်ဖွဲ့ဝင်များ စတင်စေလွှတ်





ဘာလင် ၊ ၁၁-၁၂-၂၀၁၅

ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ အဖွဲ့အပေါ် တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် ကူညီပေးမည့် ဂျာမနီနိုင်ငံ၏ စစ်ဘက် တပ်ဖွဲ့ဝင် များနှင့် လေယာဉ်များ ပထမ အသုတ်သည် ဒီဇင်ဘာ ၁ဝ ရက်တွင် တူရကီနိုင်ငံ သို့ စတင်ထွက်ခွာ သွားကြောင်း သိရသည်။

စစ်ဘက် တပ်ဖွဲ့ဝင် ၄ဝ ဦး၊ ဂျာမနီနိုင်ငံ မြောက်ပိုင်း ယာဂူလေတပ် အခြေစိုက် စခန်းမှ တော်နေးဒိုး ကင်းထောက် လေယာဉ်နှစ်စင်း နှင့် ကိုလုံး-ဝမ်း လေတပ် အခြေစိုက် စခန်းမှ A 310 MRT ဝေဟင်ဆီဖြည့် လေယာဉ် တစ်စင်းတို့သည် တူရကီနိုင်ငံ တောင်ပိုင်းရှိ အင်ဆာလစ် လေတပ် အခြေစိုက် စခန်းသို့ ထွက်ခွာသွားခြင်း ဖြစ်သည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် နိုဝင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု ပြီးနောက် ယင်းနိုင်ငံ၏ တောင်းဆိုမှု အရ ISIS စစ်သွေးကြွ များအပေါ် ပြုလုပ်လျက် ရှိသည့် နိုင်ငံတကာ ထိုးစစ်ဆင် တိုက်ခိုက်မှု များအတွင်း ပါဝင်ကူညီရန် အတွက် ဂျာမနီ စစ်ဘက်တပ်ဖွဲ့ဝင် ၁၂ဝဝ ဦးအထိနှင့် စစ်လေယာဉ်များ ဖြန့်ချသွားရေး တို့ကို ဂျာမနီ လွှတ်တော် အမတ်များက ဒီဇင်ဘာ ၄ ရက်တွင် အတည်ပြု ပေးခဲ့ခြင်း ဖြစ်သည်။

ယင်း တပ်ဖြန့်ချထားမှု အတွင်း ပါဝင်မည့် တော်နေးဒိုး ကင်းထောက် လေယာဉ် ခြောက်စင်းသည် ညဘက်နှင့် ရာသီဥတုဆိုးဝါး သည့် အချိန်များတွင်ပါ ကြည်လင် ပြတ်သားသော ဓာတ်ပုံများကို ရိုက်ကူး နိုင်စွမ်းရှိပြီး မြေပြင် အခြေစိုက်စခန်းသို့ အချိန်နှင့် တစ်ပြေးညီ ပြန်လည်ပေးပို့ နိုင်စွမ်းရှိကြောင်း သိရသည်။

ထို့ပြင် ဂျာမနီသည် ပြင်သစ်၏ Charles deGaulle လေယာဉ်တင် သင်္ဘောကို ကာကွယ် ပေးရန်အတွက် ဖရီးဂိတ် သင်္ဘောတစ်စင်း ကို စေလွှတ်ပေး သွားမည် ဖြစ်သော်လည်း ယင်း ISIS စစ်သွေးကြွ များအပေါ် ဗုံးကြဲတိုက်ခိုက်မှု များ လုပ်ဆောင်ရန် စီစဉ်ထားခြင်း ရှိကြောင်း သိရသည်။

(Pyi Chit Thar)

http://www.pyichitthar.com/
ISIS အဖွဲ့အပေါ် တိုက်ခိုက်မှုတွင် ကူညီမည့် ဂျာမနီ၏ ပထမဆုံးတပ်ဖွဲ့ဝင်များ စတင်စေလွှတ် ISIS အဖွဲ့အပေါ် တိုက်ခိုက်မှုတွင် ကူညီမည့် ဂျာမနီ၏ ပထမဆုံးတပ်ဖွဲ့ဝင်များ စတင်စေလွှတ် Reviewed by Staff Writer on 10:51 Rating: 5
Powered by Blogger.