ကမ္ဘာ့ရာသီဥတု ထိန်းချုပ်ဖို့ ဘာတွေ လုပ်ဆောင် ကြမှာလဲ

ရရှိခဲ့တဲ့ သဘော တူညီမှု ဟာ မျှတတယ်၊ ကြာရှည် တည်မြဲ နိုင်တယ်၊ ဥပဒေ အရ အားလုံး လိုက်နာ ဆောင်ရွက်ရမယ့် သဘောတူညီမှု ဖြစ်တယ် လို့ မစ္စတာ ဖဘျူးစ်က ဆိုထား ပါတယ်။

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ နေတာ ကို ထိန်းချုပ် ဖို့ လုပ်ဆောင် ကြမှာ တွေ နဲ့ ပတ်သက်ပြီး သဘောတူညီ မှု တစ်ရပ်ကို ပဲရစ် နိုင်ငံ မြို့တော် ထိပ်သီး ဆွေးနွေး ပွဲ ကို တက်ရောက် ခဲ့ကြတဲ့ ၁၉၅ နိုင်ငံသော နိုင်ငံ အားလုံး ရဲ့ အကြား ရရှိ နိုင်ခဲ့ ပါတယ်။

ထိပ်သီး ညီလာခံ ကို သီတင်း နှစ်ပတ်ကျော် အချိန်ယူ ဆွေးနွေး ခဲ့ကြပြီးတဲ့ နောက် နောက်ဆုံး သဘောတူညီ မှု ပေါ် ထွက် လာပြီး အိမ်ရှင် ပြင်သစ် နိုင်ငံ ခြားရေး ဝန်ကြီး လော်ရော်န်း ဖာဘျူးစ် က အတည်ပြု ပေး လိုက်ပါတယ်။

မစ္စတာ ဖဘျူးစ် က တူငယ်ကို ထုနှက် အတည်ပြု ပေး ပြီး ချိန် မှာ တက်ရောက် ဆွေးနွေး ခဲ့ကြတဲ့ ရာနဲ့ချီတဲ့ ကိုယ်စားလှယ် တွေ ရဲ့ ကောင်းချီး ဩဘာပေးသံ၊ မတ်တပ်ရပ် လက်ခုပ် တီးသံတွေ ထွက်ပေါ် လာပြီး မိနစ် အတန်ကြာ အသံ မစဲ နိုင် ဖြစ်ခဲ့ ပါတယ်။

အခု သဘောတူညီမှုအရ ကမ္ဘာ့ အပူချိန် တိုးမြင့် နေတာကို တစ် ဒဿမ ငါး ဒီဂရီ ဆဲလ်ဆီးယပ်စ် မှာပဲ ထိန်းချုပ် ထားရှိ နိုင်ဖို့ လုပ်ဆောင် ကြမှာ ဖြစ်ပါတယ်။

ရရှိခဲ့တဲ့ သဘော တူညီမှု ဟာ မျှတတယ်၊ ကြာရှည် တည်မြဲ နိုင်တယ်၊ ဥပဒေ အရ အားလုံး လိုက်နာ ဆောင်ရွက်ရမယ့် သဘောတူညီမှု ဖြစ်တယ် လို့ မစ္စတာ ဖဘျူးစ်က ဆိုထား ပါတယ်။

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ နေတာ ကို ထိန်းချုပ်ရေး အတွက် နိုင်ငံတကာ သဘောတူညီ မှု ပေါ်ထွက် လာ ပြီးပြီးချင်း မှာပဲ အမေရိကန် သမ္မတ အိုဘားမား က ဒါဟာ အကြီးအကျယ် အောင် မြင် မှု တစ်ရပ် ဖြစ်တယ် ဆိုပြီး ချီးကျူး ပြောဆို လိုက်ပြီး၊ အခုလို သဘောတူ ညီမှု ထွက်လာဖို့ အမေရိကန် အစိုးရ အနေနဲ့ အများကြီး ဆောင်ရွက် ခဲ့ရတယ် လို့ ဆိုပါတယ်။

ဗြိတိသျှ ဝန်ကြီး ချုပ် ဒေးဗစ် ကင်မရွန် ကလည်း အနာဂတ် ကမ္ဘာ မြေကြီး တည်တံ့ ဖို့ အတွက် ကြီးကျယ် တဲ့ ခြေလှမ်း တစ်ရပ် ဖြစ်တယ် လို့ ပြောပါတယ်။

တောင်အာဖရိက နိုင်ငံရဲ့ ပတ်ဝန်းကျင် ရေးရာ ဝန်ကြီး အက်ဒ်နာ မိုလေးဝါး ကတော့ အခု ရရှိခဲ့တဲ့ သဘော တူမှု ဟာ အပြည့်အစုံ အားလုံး ကောင်းမွန် တယ် လို့ မပြော နိုင်ပေမယ့်၊ မျှတပြီး ရနိုင် သမျှ အကောင်းဆုံး သဘောတူညီမှု ဖြစ်တယ် လို့ ဆိုပါတယ်။

ပဲရစ် ညီလာခံ ကနေ ရရှိခဲ့တဲ့ ရာသီဥတု ထိန်းချုပ်ရေး သဘောတူ ညီမှု အရ ကမ္ဘာ့ အပူချိန် မြင့်တက် နေတာ ကို နှစ် ဒီဂရီ ဆဲလ်ဆီးယပ်စ် အောက် တတ် နိုင်သမျှ များများ လျော့ပြီး ထား နိုင် ဖို့ ရည်မှန်း လုပ် ဆောင် ရမှာ ဖြစ်ပါတယ်။

ကျွန်း နိုင်ငံငယ် လေးတွေ ရဲ့ တောင်းဆို မှုအရ အဖြစ် နိုင်ဆုံး တစ် ဒဿမ ငါး ဒီဂရီ အထိ ထိန်းချုပ် ဖို့ ရည်မှန်း ထားပါတယ်။

အခု ၂၁ ရာစု ရဲ့ ထက်ဝက် သက္ကရာဇ် ၂၀၅၀ ရောက်ချိန် မှာ စက်မှု လုပ်ငန်း ကထုတ်လွှတ် ပြီး သဘာဝ ပတ်ဝန်းကျင် က စုပ်ယူ သွားမယ့် ကာဘွန် ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ ဆိုတာ မျိုး မရှိ တော့ စေဖို့ လည်း ဆုံးဖြတ် ထား ပါတယ်။

ဆင်းရဲ တဲ့ နိုင်ငံ တွေ အနေနဲ့ ပတ်ဝန်းကျင် ကို မထိခိုက် နိုင်စေတဲ့ စွမ်းအင် ရရှိ နိုင်ဖို့ နဲ့ ရာသီ ဥတု ပြောင်းလဲ နေတဲ့ အခြေ အနေ ကို လိုက်လျော ညီထွေ ဖန်တီး နေထိုင် နိုင်ဖို့ အတွက် လာမယ့် ၂၀၂၀ ခုနှစ် က စလို့ ပထမ အသုတ် ရံပုံ ငွေ အဖြစ် ဒေါ်လာ ဘီလီယံ တစ်ရာ လက်ခံ ရရှိ မှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com
ကမ္ဘာ့ရာသီဥတု ထိန်းချုပ်ဖို့ ဘာတွေ လုပ်ဆောင် ကြမှာလဲ ကမ္ဘာ့ရာသီဥတု ထိန်းချုပ်ဖို့ ဘာတွေ လုပ်ဆောင် ကြမှာလဲ Reviewed by Unknown on 06:51 Rating: 5
Powered by Blogger.