ကျောက်တော်မြို့နယ်တိုင်းရင်းဆေးရုံကို မူလချပေးသည့် နေရာတွင် တည်ဆောက်ပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆို





စစ်တွေ၊ ဒီဇင်ဘာ ၇

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်တွင် တည်ဆောက်ရန် ချပေးထားသည့်မြို့နယ် တိုင်းရင်း ဆေးရုံကို ပြည်တော်သာ ရပ်ကွက်တွင် သွားရောက် တည်ဆောက်နေမှု အပေါ် မကျေနပ်၍ ရှမ်းရွာရပ်ကွက် ဒေသခံများက ဆန္ဒပြပွဲတစ်ရပ်ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်ဖြင့် ဒီဇင်ဘာလ ၇ ရက် နေ့လယ် ၁၂ နာရီ အချိန်တွင် စတင် ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူ ၈ဝဝ ကျော်သည် မြို့တစ်ပတ် လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ဒီဆေးရုံက ကျွန်တော်တို့ရပ်ကွက်မှာ တည်ဆောက်ဖို့အစိုးရက ချထားပေး တာပါ။ ဒါကို ပြည်တော်သာမှာ ဘာလို့ သွားဆောက်ရတာလဲ။ ကျွန်တော်တို့ ရပ်ကွက်က မြို့ရဲ့အစွန်ဆုံး ရပ်ကွက်ဖြစ်တဲ့အတွက် ကျန်းမာရေးအတွက် ဒီဆေးရုံကို ကျွန်တော်ရပ်ကွက်မှာ ပဲ ဆောက်ပေး သင့်တယ်။ ဒါကြောင့် ဒီဆေးရုံကို ကျွန်တော်တို့ ရပ်ကွက်မှာဘဲ ဆောက်ပေး ဖို့ တောင်းဆို ဆန္ဒပြရတာပါ”ဟု ဆန္ဒပြရာတွင်ပါဝင်သည့်ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင် “မြို့နယ်တိုင်းရင်းဆေးရုံကို (ပထမ) အတည်ပြုထား သည့် နေရာတွင် တည်ဆောက် ပေးရန်”၊ “ဝန်ကြီးချုပ်ပြောစကား တည်ပါစေ”၊ အမှန်တရားကို လေးစား ရှမ်းရွာသား”၊ “အသားထဲ က လောက်ထွက်သူ ငါရို့ရန်သူ”စသည့် စာသားများ ကို ကြွေးကြော် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ကျောက်တော်မြို့နယ် တိုင်းရင်းဆေးရုံကို ကျောက်တော်မြို့ ရှမ်းရွာ ရပ်ကွက်တွင် တည်ဆောက်ပေးရန် ပြည်ထောင်စုအစိုးရက ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ခွင့်ပြုခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။

“လက်ရှိမှာ ဒီဆေးရုံကို ပြည်တော်သာရပ်ကွက်က ကဝိရတနာ ဘုန်းကြီးကျောင်း နားမှာ တည်ဆောက် နေတာပါ။ ဒါဟာ ဌာနဆိုင်ရာ တချို့နဲ့ ကုမ္ပဏီတို့ရဲ့ အပေးအယူကိစ္စကြောင့်လို့ထင်တယ်”ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ကိုရာဇာမင်းအောင်က နိရဉ္စရာသို့ ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရှမ်းရွာရပ်ကွက်သူ၊ ရပ်ကွက်သားများက ကျန်းမာရေးဝန်ကြီးထံ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းကလည်း ကန့်ကွက် စာတစ်စောင်ပေးပို့ထားပြီးဖြစ်သည်ဟု ဒေသခံများ၏ပြောဆိုချက် အရ သိရသည်။

( NarinjaraNews )

https://www.facebook.com/NarinjaraNews
ကျောက်တော်မြို့နယ်တိုင်းရင်းဆေးရုံကို မူလချပေးသည့် နေရာတွင် တည်ဆောက်ပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆို ကျောက်တော်မြို့နယ်တိုင်းရင်းဆေးရုံကို မူလချပေးသည့် နေရာတွင် တည်ဆောက်ပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆို Reviewed by Staff Writer on 15:21 Rating: 5
Powered by Blogger.