ဆီးရီးယား သူပုန်နဲ့ အစိုးရတို့ ဇန်နဝါရီမှာ တွေ့မည်



ဆီးရီးယား ​အစိုးရကို ​အတိုက်အခံ ​ပြုနေတဲ့ ​နိုင်ငံရေး ​အဖွဲ့အစည်းတွေနဲ့ ​လက်နက်ကိုင် ​သူပုန်တွေက ​ဇန်နဝါရီလကျရင် ​ဆီးရီးယား ​အစိုးရနဲ့ ​တွေ့ဆုံပြီး ​အပစ်အခတ်ရပ်စဲရေး ​အကြောင်း ​ဆွေးနွေးဖို့ ​ဆုံးဖြတ်ခဲ့ကြပါတယ်။

ဆီးရီးယား ​အစိုးရကို ​ဆန့်ကျင်နေတဲ့ ​အဖွဲ့အစည်းပေါင်းစုံက ​လူပေါင်း ​၁၀၀ ​လောက် ​ဆော်ဒီအာရေးဗီးယားမှာ ​ကျင်းပတဲ့ ​ဆွေးနွေးပွဲမှာ ​တက်ရောက်ပြီး ​ဆုံးဖြတ်ခဲ့ကြတာပါ။

ဆီးရီးယားနိုင်ငံက ​အဓိက ​သူပုန်အဖွဲ့တစ်ခုကတော့ ​သူတို့လိုချင်တဲ့ ​အရာကို ​မရလို့ ​ဆော်ဒီအာရေးဗီးယားမှာ ​ကျင်းပနေတဲ့ ​ငြိမ်းချမ်းရေး ​ဆွေးနွေးမှုကနေ ​နှုတ်ထွက်လိုက်ပြီ ​ဖြစ်ပါတယ်။

ဆီးရီးယားအစိုးရကို ​ဝိုင်းပြီး ​ဆန့်ကျင်နေတဲ့ ​သူပုန် ​တပ်ဖွဲ့တွေအားလုံးအကြား ​ဘုံသဘောတူညီချက်တွေ ​ရရှိအောင် ​တွေ့ဆုံကြတာ ​ဖြစ်ပြီး ​ဆီးရီးယား ​အစိုးရတပ်နဲ့ ​သူပုန်တွေအကြား ​အပစ်အခတ် ​ရပ်စဲမှု ​ဖြစ်ပေါ်အောင် ​ကြိုးစားကြတာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​အဓိက ​သူပုန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ​Ahrar ​al-Sham ​အဖွဲ့က ​သူတို့ရဲ့ ​တင်ပြချက်ကို ​လစ်လျူရှုခံရတယ်ဆိုပြီး ​ဆွေးနွေးမှုမှာ ​မပါဝင်တော့ဖို့ ​ဆုံးဖြတ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး ​ညီလာခံ ​တက်ရောက်နေတဲ့ ​သူပုန်ကိုယ်စားလှယ်တွေက ​ဆီးရီးယား ​သမ္မတ ​Bashar ​al-Assad ​ကို ​ရာထူးကနေ ​ဆင်းပေးဖို့ ​တညီတညွတ်တည်း ​တောင်းဆိုကြသလို ​ဖမ်းဆီးထားတဲ့ ​အကျဉ်းသားတွေကို ​လွတ်ပေးဖို့လည်း ​တောင်းဆိုခဲ့ကြပါတယ်။

IS ​အစ္စလာမ်မစ် ​အဖွဲ့ဟာလည်း ​ဆီးရီးယား ​အစိုးရကို ​ဆန့်ကျင်တဲ့ ​သူပုန်အဖွဲ့ ​ဖြစ်ပေမယ့် ​သူပုန်တပ်ဖွဲ့တွေရဲ့ ​ဆွေးနွေးမှုမှာ ​IS ​ကို ​မဖိတ်ခေါ်ထားသလို ​နောက်နောင်ပြုလုပ်မယ့် ​ဆွေးနွေးပွဲမှာလည်း ​ခေါ်မှာ ​မဟုတ်ဘူးလို့ ​သိရပါတယ်။

အဲဒီဆွေးနွေးမှုမှာ ​Al ​Nusra ​Front ​ဆိုတဲ့ ​အဖွဲ့ ​မပါဝင်သလို ​Kurdish ​လူမျိုး ​အဓိက ​အဖွဲ့တစ်ခုလည်း ​မတက်ရောက်ခဲ့ပါဘူး။

သူပုန်အဖွဲ့တွေက ​ငြိမ်းချမ်းရေး ​ဆွေးနွေးမှု ​မစတင်ခင်ကတည်းက ​သမ္မတ ​Bashar ​al-Assad ​ရာထူးကနေ ​ဆင်းပေးရမယ်လို့ ​ပြောဆိုမှုတွေလည်း ​ရှိနေပါတယ်။

ဆီးရီးယား ​အစိုးရနဲ့ ​ဇန်နဝါရီလရဲ့ ​ပထမ ​၁၀ ​ရက်မှာ ​တွေ့ဆုံကြမယ်လို့ ​ဆိုပါတယ်။

(Radio Australia)

http://www.radioaustralia.net.au/burmese/
ဆီးရီးယား သူပုန်နဲ့ အစိုးရတို့ ဇန်နဝါရီမှာ တွေ့မည် ဆီးရီးယား သူပုန်နဲ့ အစိုးရတို့ ဇန်နဝါရီမှာ တွေ့မည် Reviewed by Staff Writer on 11:57 Rating: 5
Powered by Blogger.