အိန္ဒိယအစိုးရက ချန်နိုင်းမြို့ ရေလွှမ်းမိုးမှုအတွက် ကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်တိုးမြှင့် လုပ်ဆောင်





ချန်နိုင်း ၊ ၆-၁၂-၂ဝ၁၅

ရာစုနှစ် တစ်ခုအတွင်း အပြင်းထန်ဆုံး ဖြစ်သည့် မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှု ဖြစ်ပွားခြင်း အပေါ် အိန္ဒိယအစိုးရ အနေဖြင့် တုံ့ပြန်ဖြေရှင်းမှု နှေးကွေးလျက် ရှိကြောင်း ဝေဖန်မှုများ ခံနေရချိန်တွင် ချန်နိုင်းမြို့ ရေလွှမ်းမိုးမှု အပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်တိုးမြှင့် ဆောင်ရွက်ရန် တာဝန်ရှိ သူများက စစ်ဘက် တပ်ဖွဲ့ဝင် ရာပေါင်းများ စွာနှင့် ကယ်ဆယ်ရေး အဖွဲ့ဝင်များကို ဒီဇင်ဘာ ၅ ရက်တွင် ထပ်မံစေလွှတ် ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့နိုင်ရန် ရေလွှမ်းမိုးမှု များကြောင့် လေးရက်ကြာ ပိတ်ထားခဲ့ရသော ချန်နိုင်းလေဆိပ် ကို တစ်စိတ်တစ်ပိုင်း ပြန်လည် ဖွင့်လှစ် ခဲ့ကြောင်းနှင့် ရေလွှမ်းမိုး မှုများဖြစ်ပွားရာ တမီးလ်နာဒူး ပြည်နယ် တစ်ဝန်းတွင် သေဆုံးသူ ၂၈ဝ ဦးရှိပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြား ထားသည်။

ဒီဇင်ဘာ ၁ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံ၏ စတုတ္ထမြောက် မြို့တော်ဖြစ်သော ချန်နိုင်းမြို့တွင် ရေလွှမ်းမိုး မှုသည် ရှစ်ပေအမြင့်ထိ ရောက်ရှိခဲ့ပြီး ဒေသခံ များစွာမှာ အိမ်ခေါင်မိုးများ သို့မဟုတ် အိမ်အပေါ်ထပ် များတွင် ပိတ်မိနေလျက် ရှိကြောင်း သိရသည်။

အဆိုပါ ရေလွှမ်းမိုးမှု တွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် စစ်ဘက် တပ်ဖွဲ့ဝင် ၁ဝဝဝ ဦးကို စေလွှတ်ထားပြီး အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ သည် ယခု ရက်သတ္တပတ် အတွင်းက ချန်နိုင်းမြို့သို့ သွားရောက်ကာ ကယ်ဆယ်ရေး လုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်ရန် အတွက် ရူပီး ၁ဝ သန်းကို ထပ်မံသုံးစွဲ သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ သည်ဟု သိရသည်။

( Pyi Chit Thar )

http://www.pyichitthar.com
အိန္ဒိယအစိုးရက ချန်နိုင်းမြို့ ရေလွှမ်းမိုးမှုအတွက် ကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်တိုးမြှင့် လုပ်ဆောင် အိန္ဒိယအစိုးရက ချန်နိုင်းမြို့ ရေလွှမ်းမိုးမှုအတွက် ကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်တိုးမြှင့် လုပ်ဆောင် Reviewed by Staff Writer on 16:45 Rating: 5
Powered by Blogger.