တပ်နေရာချထားရေး RCSS/SSA နဲ့ အစိုးရတပ်မတော် ဆွေးနွေးမည်

ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSAမှ တပ်သားတချို့ကိုတွေ့ရစဉ်။ Photo: RFA
အစိုးရတပ်မတော်နဲ့ RCSS /SSA သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီတို့ဟာ နှစ်ဖက်တပ်နေရာချထားရေး နဲ့ နယ်မြေသတ်မှတ်ရေးတွေအတွက် လာမယ့် ဒီဇင်ဘာလဆန်းပိုင်းမှာ ရှမ်းပြည်နယ်အတွင်း တွေ့ဆုံဆွေးနွေး သွားဖို့ရှိတယ်လို့ RCSS /SSA က ပြောပါတယ်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ Royal Star ဟိုတယ်မှာ RCSS/SSA က ဒီကနေ့ ပြုလုပ်တဲ့ ဗဟိုအလုပ် အမှုဆောင်ကော်မတီ အစည်းဝေးမှာ RCSS/SSA အဖွဲ့ဝင် ဗိုလ်မှူးကြီး စိုင်းလှက RFA ကို ပြောလိုက် တာ ဖြစ်ပါတယ်။

"ကျနော်တို့ နှစ်ဖက်တပ်များနဲ့သက်ဆိုင်တဲ့ အပစ်အခတ်ဆိုင်ရာပစ်မှုတွေကို ကျနော်တို့ ရေးဆွဲခဲ့ပြီးတယ်၊ လုပ်ငန်းတာဝန်တွေအတိုင်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ်၊ ကျနော်တို့ နှစ်ဖက်ညှိနှိုင်းကြမယ်၊ နောက် ပြီးတော့ ဒီဇင်ဘာလဆန်းပိုင်းလောက်မှာ ကျနော်တို့ ဖွဲ့စည်းနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်၊ အဲ့လိုဖွဲ့စည်းနိုင်မယ်ဆိုရင်တော့ ကျနော်တို့ အနေနဲ့ တပ်နေရာချထားရေးတွေ၊ ညှိနှိုင်းမှုတွေ ပိုမိုပြီးတော့ များလာမယ်ဆိုတော့ တိုက်ပွဲတွေလည်း ဒီထက်ပိုပြီးတော့ ငြိမ်ကျသွားမယ်၊ သတ်မှတ်ဧရိယာတွေ လည်း ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းနဲ့ ကျနော်တို့ သိရှိနိုင်မယ်ဆိုရင်တော့ အဲ့ဒီအနေ အထားရောက်လာပြီဆိုရင်တော့ ကောင်းမွန်တဲ့အနေအထားရောက်လာမှာ အခုတော့ စတင်ပြီးတော့ အကောင်အထည်ဖော်နေတယ်"

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီအနေနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နယ်မြေအတွင်း လွတ်လပ်စွာသွားလာခွင့် ရလာသလို အစိုးရတပ် နဲ့ နှစ်ဘက်ထိပ်တိုက် တွေ့ဆုံမှုတွေမဖြစ်ဖို့အတွက် ကြိုတင်အကြောင်းကြား ဆောင်ရွက်နေတာကြောင့် တိုက်ပွဲဖြစ်ပွားမှု မရှိဘူးလို့ ဗိုလ်မှူးကြီး စိုင်းလှက ပြောပါတယ်။

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် စာချုပ်ပါအချက်တွေကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကို သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီက ဗဟိုကော်မတီဝင်တွေဟာ ဒီနေ့ ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးသဘောတူစာချုပ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က RCSS/SSA သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီအပြင် KNU ကရင်အမျိုးသားအစည်းအရုံး၊ KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ၊ DKBA ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်၊ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၊ CNF ချင်းအမျိုးသားတပ်ဦး၊ ALP ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ABSDF ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတို့က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
တပ်နေရာချထားရေး RCSS/SSA နဲ့ အစိုးရတပ်မတော် ဆွေးနွေးမည်  တပ်နေရာချထားရေး RCSS/SSA နဲ့ အစိုးရတပ်မတော် ဆွေးနွေးမည် Reviewed by Unknown on 09:28 Rating: 5
Powered by Blogger.