ISIS စစ်သွေးကြွများ၏ တရားမ၀င် ရေနံရောင်းချမှုတွင် တူရကီသမ္မတ၏ သားဖြစ်သူ ပါဝင်လျက်ရှိသည်ဟု ရုရှားပြောကြား


 မော်စကို ၊ ၂၉-၁၁-၂၀၁၅

 တူရကီသမ္မတ ရီဆပ်တေရစ် အယ်ဒိုဂန် ၏ သားဖြစ်သူမှာ ဆီးရီးယားနှင့် အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များ၏ တရားမဝင် ရေနံ ရောင်းချမှုတွင် ပါဝင်လျက် ရှိသည်ဟု ရုရှားအစိုးရက ယမန်နေ့တွင်
ပြောကြားခဲ့သည်။

တူရကီသမ္မတ ၏ သားဖြစ်သူသည် ISIS စစ်သွေးကြွ များနှင့် ဆက်စပ်နေသည့် ရေနံ ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်မှု ရှိနေပြီး ယင်းသို့ ပြောကြားရာတွင် ရုရှားအစိုးရ၌ သက်သေ အထောက်အထား များကို ရရှိထားပြီး ဖြစ်ကြောင်း ရုရှား အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဒီမီထရီပက်စကော့ဗ် က ပြောကြား ခဲ့သည်။

ထို့ပြင် တူရကီ အစိုးရသည် ISIS စစ်သွေးကြွ များထံမှ ရေနံများကို တရားမဝင် ဝယ်ယူလျက် ရှိသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် က စွပ်စွဲ ထားသော်လည်း ယင်း စွပ်စွဲချက်ကို တူရကီအစိုးရက နိုဝင်ဘာ ၂၆ ရက်က ငြင်းဆိုခဲ့သည်။

ရုရှားအစိုးရ၏ ထုတ်ပြန်ချက် အရ ISIS စစ်သွေးကြွ များ ထိန်းချုပ်ထားရာ ဒေသများမှ တူရကီနိုင်ငံ အရှေ့မြောက်ပိုင်းသို့ သွယ်တန်း ထားသည့် ဓာတ်ငွေ့ ပိုက်လိုင်းများကို ဂြိုဟ်တု မှတစ်ဆင့် တွေ့မြင်ခဲ့ ရသည်ဟု  ရုရှားအစိုးရက ပြောကြားခဲ့ သော်လည်း ယင်း ပြောကြားချက်ကို တူရကီနိုင်ငံ က ငြင်းဆိုခဲ့သည်။


ထို့ပြင် တူရကီ အစိုးရက ရုရှား တိုက်လေယာဉ် တစ်စင်းကို ပစ်ချ လိုက်ခြင်းသည် ဆီးရီးယားနိုင်ငံ အတွင်းမှ တူရကီနိုင်ငံ အတွင်းသို့ မောင်းနှင်လျက် ရှိသည် လောင်စာဆီတင် ယာဉ်ကို ရုရှား တိုက်လေယာဉ်က ပစ်ခတ်ဖျက်ဆီး လိုက်ခြင်းကို လက်တုံ့ပြန် ခြင်းသာ ဖြစ်ကြောင်း ဆီးရီးယား ပြန်ကြားရေးဝန်ကြီး အွန်ရန်အယ်လ်ဇူဘီ က ပြောကြား ခဲ့ကြောင်း သိရသည်။

ရုရှား တိုက်လေယာဉ်ကို တူရကီ နိုင်ငံက ပစ်ချ လိုက်ခြင်းသည် ယင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက် စေခဲ့သည်ဟု သိရသည်။

PyiChitThar
http://www.pyichitthar.com
ISIS စစ်သွေးကြွများ၏ တရားမ၀င် ရေနံရောင်းချမှုတွင် တူရကီသမ္မတ၏ သားဖြစ်သူ ပါဝင်လျက်ရှိသည်ဟု ရုရှားပြောကြား    ISIS စစ်သွေးကြွများ၏ တရားမ၀င် ရေနံရောင်းချမှုတွင် တူရကီသမ္မတ၏ သားဖြစ်သူ ပါဝင်လျက်ရှိသည်ဟု ရုရှားပြောကြား Reviewed by THITHTOOLWIN on 12:21 Rating: 5
Powered by Blogger.