တံခွန်တိုင်ကျေးရွာတွင် စေတီအမည်ရှိ ရှေးဟောင်းသစ်ထွင်းလှေကြီးအား ထိန်းသိမ်းထား


အင်းတော် နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် တံခွန်တိုင်ကျေးရွာတွင် ရှေးဟောင်းအမွေအနှစ်အဖြစ် သစ်တစ်လုံးတည်းကို ထွင်းထုထားသည့် ရှေးအကျဆုံးလှေကြီးတစ်စင်းကို အဆိုပါကျေးရွာရှိဘုန်းတော်ကြီး ကျောင်းအောက်တွင် ရှေးဟောင်းအမွေအနှစ်အဖြစ် အမြတ်တနိုးထိန်းသိမ်းထားလျက်ရှိသည်။

အဆိုပါ ရှေးဟောင်းလှေကြီး၏ အမည်မှာစေတီဟုရေးထိုးထားပြီး အရွယ်ပမာဏမှာ အလျား ၅၇ ပေ၊အနံ ၆ ပေ ၅ လက်မရှိပြီး လှေကြီး၏သက်တမ်းကို အတိအကျမသိရှိရသော်လည်း မင်းတုန်း မင်းတရာကြီးနှင့် သီပေါမင်းလက်ထက် ၁၂၃ဝ ပြည့်နှစ်မှ ၁၂၄၄ ခုနှစ်ထိ ကျေးရွာ ခုနစ်ရွာ၏ တိုက်အုပ် ဆရာတော်အဖြစ် ခန့်အပ်ခြင်းခံရသော တံခွန်တိုင်ကျောင်းတိုက်ဆရာတော်ဦးအာသဘ(ဦးချိန်) လက်ထက်တွင် ဝန်းသိုမြို့နယ် မော်ခါးကျေးရွာ ရွှေမှူးဖြစ်သူက ဝန်းသိုမြို့နယ် တောတောင်ထူထပ်ပြီး လူသူအရောက်နည်းပါးသော မိုင်းတောင်တောင်မှ ကျွန်းပင်ကြီးတစ်ပင်အား ခုတ်ယူ၍ ဆင်များဖြင့် ဆွဲကာ လှူဒါန်းခဲ့သည်။

ထို့နောက် ကျွန်းသစ်လုံးကြီးကို ကျေးရွာသားများက လှေနှစ်စင်းအဖြစ် ထုထွင်းပြီး မဲဇာချောင်း အတိုင်း တံခွန်တိုင်ကျေးရွာသို့မျှောချသယ်ဆောင်၍ တံခွန်တိုင်ကျေးရွာသို့ရောက်သောအခါ ထိုလှေကြီး ကို အချောကိုင်ထုထွင်းသုံးစွဲကြကာ ထိုလှေကြီး နှစ်စင်းကို စေတီနှင့် မင်းကျော်ဟူ၍ခေါ်တွင်ကြကာ လှေကြီးများလှော်ခတ်ရန် လှေလှော်တက်ကြီး ငါးခုကိုပါ ပြုလုပ်သုံးစွဲကြသည်။ ယင်းနောက် သီပေါမင်း လက်ထက်(၁၂၄၄-၁၂၄၅)ခုနှစ်တွင် မငြိမ်သက်မှုတစ်ခုဖြစ်ပွားစဉ် မင်းကျော်ဆိုသည့် လှေကြီးတစ်စင်းကို သူပုန်များက ခုတ်ထစ်မီးရှို့ဖျက်ဆီးခဲ့ကြ၍ စေတီဆိုသောလှေကြီးတစ်စင်းသာ ကျန်ရှိခဲ့သည်ဟု လှေကြီး၏သမိုင်းမှတ်တမ်းများအရ သိရသည်။

တံခွန်တိုင်ကျေးရွာသည် ရှေးဟောင်းရွာကြီးတစ်ရွာဖြစ်သောကြောင့် ရှေးဟောင်းသစ်တစ်လုံးတည်း ဖြင့် ထုထွင်းထားသောလှေကြီးနှင့်အတူ အခြားရှေးဟောင်းပစ္စည်းများလည်းရှိရာ လာရောက်လေ့လာ မည်ဆိုပါက မန္တလေး-မြစ်ကြီးနား မဟာဗျူဟာကားလမ်းမကြီးအတိုင်း မန်လည်ရွာလမ်းခွဲသို့ ငါးမိုင်ခန့် သွားရသည်။ တစ်ဖန် မန်လည်မှ တံခွန်တိုင်ရွာသို့ နှစ်မိုင်ခန့်ခရီးရှိပြီး ကားများ၊ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

(စိုင်းလူမင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily

တံခွန်တိုင်ကျေးရွာတွင် စေတီအမည်ရှိ ရှေးဟောင်းသစ်ထွင်းလှေကြီးအား ထိန်းသိမ်းထား   တံခွန်တိုင်ကျေးရွာတွင် စေတီအမည်ရှိ ရှေးဟောင်းသစ်ထွင်းလှေကြီးအား ထိန်းသိမ်းထား Reviewed by THITHTOOLWIN on 10:22 Rating: 5
Powered by Blogger.