ပြည်သူအားလုံး တာဝန်ကျေခဲ့ပါသည် ဒေါင်းမိခင်


စိုးရိမ်မိတာတော့ အမှန်ပါပဲ ဒေါင်းမိခင်။
အကြောင်းမပိုင်ရင်တော့ ဒေါင်းနိုင်ခဲ့ရင်လည်း ကံကြမ္မာဝဋ်ကြွေး မကျေသေးရင် ကျွန်တော်တို့ ပြည်သူတွေ အာဏာရှင်ဝဋ်ကြွေးတွေ ဆက်ဆပ်ရဦးမယ်ထင်ပါရဲ့ ဒေါင်းမိခင်။
တကယ်တော့ ကျွန်တော်တို့ ပြည်သူအများစုရဲ့ဘ၀ဟာ အတိတ်ကံလို့ပဲ ဆိုရလေမလားတော့မသိ၊ ဘ၀ အနာဂတ်တွေ ပျောက်ဆုံးခဲ့တာ ကြာခဲ့ပါပြီ။
ဘယ်ချိန်ကတည်းကလည်းဆိုတော့ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်မှသည် ယနေ့အထိပါပဲ။ အနုပညာ စကားနဲ့ပြောရရင်တော့ ဘ၀ဇာတ်ဆရာအလိုကျ ငိုဆိုငိုလိုက်၊ ရယ်ဦးဆိုရယ်လိုက်ရနဲ့ မိုးလင်းမိုးချုပ် ကခဲ့ရတဲ့ နှစ်တွေလည်း များခဲ့ပါပြီ ဒေါင်းမိခင်။
နေ့ရောညပါ ဘယ်လိုပင် ကပြပေမယ့် မ၀ရေစာစားရပြီး မသေချာတဲ့ဘ၀တွေမှာ နွံနစ်ခဲ့ရတာတွေ ဒေါင်းမိခင် သိပါတယ်။
ဒီဘ၀ ဒီဝဋ်ကြွေးတွေလွတ်အောင် စွမ်းဆောင်ပေးနိုင်သူက ကျွန်တော်တို့ မြန်မာပြည်သူများ အထူးသဖြင့် ပေးတာလေးနဲ့ ၀, အောင်စား၊ ရှိတာလေးနဲ့ လှအောင်ဝတ်ပြီး ရှင်သန်ခဲ့ရတဲ့ အဖိနှိပ်ခံ ပြည်သူတွေအတွက် အားကိုးရာအားထားရာသည် ဒေါင်းမိခင်မှတပါး အခြားမရှိတော့ပြီ။

ဒါကြောင့် ဒေါင်းမိခင်ကို စစ်မုဆိုးတွေ အဓမ္မ၀ါဒနည်းနဲ့ ကျော့ကွင်းထောင် အကျယ်ချုပ်နဲ့ လှောင်ချိုင့်ထဲ ထည့်ခဲ့စဉ်ကလည်း ဒေါင်းမိခင်လွတ်ပါစေကြောင်း၊ ပြည်သူအပေါင်းက မြတ်ဘုရားထံမှာ ဆုတောင်းခဲ့ကြပါ တယ်။ မွေးနေ့မွေးရက် ရောက်တိုင်းလည်း မိခင်ရင်းနှင့်ပမာမခြား ဒေါင်းမိခင်လှောင်ချိုင့်မှ လွတ်မြောက်ဖို့ အသက်ရှည်ကျန်းမာဖို့ ပန်းဆီမီးထွန်းပြီး ဆုတောင်းရတာလည်း နှစ်စဉ်မပျက်ပါ ဒေါင်းမိခင်။
ဆုတောင်းသူတွေ ဖမ်းမယ်၊ ဆီးမယ် အန္တရာယ်ရှိမယ်ဆိုပေမယ့် မိခင်အတွက် ဘယ်စစ်မုဆိုးရန်မှမကြောက် မျက်ရည်ပေါက်ကျတဲ့အထိ ခံစားခဲ့ရတာတွေ တွေးမိတိုင်း ရင်နာမိပါတယ် ဒေါင်းမိခင်။
တဖန် ၄၃၆ ကို ပြင်မှ၊ ၅၉ (စ) ကို ပြင်မှ ဒေါင်းမိခင်သာ ပြည်သူ့ဒုက္ခကို ကယ်တင်နိုင်မယ်ဆိုပြန်တော့ ရေထဲ မိုးထဲ ကျွန်တော်တို့ ပြည်သူတွေ တိုင်းရင်းသားညီအစ်ကိုမောင်နှမတတွေ သေနတ်ကျည်ဆန်ကို မကြောက်မရွံ့ ပြင်ဆင်ရေးလက်မှတ်ထိုးခဲ့တာလည်း ဒေါင်းမိခင် အသိဆုံးပါ။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ဘယ်သူပြိုင်ပြိုင် ဒေါင်းသာနိုင်ရမည်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ မဲပေးခဲ့ကြ တာ ကမ္ဘာထိ အသိဆုံးပါ။ ပြောရမယ်ဆိုရင် ခွပ်ဒေါင်းသခင် ဒေါင်းမိခင်အတွက်ဆို ပြည်သူတွေရဲ့သမိုင်း ဘယ်သောအခါမှ မရိုင်းခဲ့ပါ။ ဒါတွေအားလုံး မိခင်အတွက်ဆို မြန်မာတမျိုးသားလုံး နိုးကြားတက်ကြွသော စိတ်ဓာတ်တွေနဲ့ တာဝန်ကျေခဲ့ကြပါတယ်။ တာဝန်ကျေခဲ့တယ်ဆိုတာ မိခင်ဧရာဝတီကို တိုင်တည်လို့ သစ္စာရေ သောက်ဆိုဝံ့ပါတယ် ဒေါင်းမိခင်။

အခု ၂၀၁၅ ရွေးကောက်ပွဲက စနစ်ဆိုးအောက်မှ လွတ်မြောက်စေရမည်။ လူကိုမကြည့်နဲ့ ပါတီကိုကြည့်ပြီး မဲပေးလိုက်ပါ၊ အပြောင်းအလဲလိုချင်တယ်ဆိုရင် ဒေါင်းနိုင်မှ ပြောင်းနိုင်မည်ဟု ဒေါင်းမိခင်ဆိုခဲ့တယ်။
စိတ်ချပါ။ ပြည်သူအားလုံးကလည်း အနီရောင်ရဲရဲရင့် ကြယ်ဖြူတပွင့်နဲ့ ခွပ်ဒေါင်းဘေးမှာ အမှန်ခြစ်လို့ စံချိန်သစ် တင်အောင် တခဲနက်ခွပ်ဒေါင်းမိခင်စကားကို ယုံကြည်စွာဖြင့် မဲပေးခဲ့ကြပါပြီ။ ဘာကြောင့်လဲဆိုတော့ ပြည်သူလည်း ၀ိုင်းမှ စနစ်ဆိုးအောက်က လွတ်မြောက်နိုင်မယ်လို့ ဒေါင်းမိခင်ဆိုလေတော့ ဒီတခါလည်း ပြည်သူအားလုံး နိုင်ငံ လှပဖို့၊ ပြည်သူ့ဘ၀ အာမခံချက်ရှိဖို့၊ တရားဥပဒေစိုးမိုးဖို့ ပြည်တွင်းစစ်တွေငြိမ်းအေးဖို့ ပြည်သူတွေ တာဝန်ကျေခဲ့ပါပြီ။

ပြန်ပြောင်းပြောရလျှင် ဒေါင်းမိခင်အတွက်ဆို ပြည်သူများရော၊ တိုင်းရင်းသားများရော၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်အနုပညာရှင်တွေရော၊ အားလုံး အားလုံး တာဝန်ကျေခဲ့ပါသည်။ တာဝန်ကျေခဲ့ပါပြီ ဒေါင်းမိခင်။
ဒါပေမဲ့ ပြည်သူတွေ အားလုံး အားလုံး တာဝန်ကျေပေမယ့် အကြောင်းမပိုင်ခဲ့ရင်တော့ ဒေါင်းနိုင်ခဲ့ပေမယ့် (၁၉၉၀ ပြည့်တုန်းကလို) မင်းမှာ ကတိ၊ လူမှာ သစ္စာ မတည်ခဲ့သော် ကျွန်တော်တို့ ပြည်သူများ မကျေသေးသော ၀ဋ်ကြွေးတွေ ဆက်ဆပ်ရဦးမှာလား ဒေါင်းမိခင်။
ပြည်သူများ တာဝန်ကျေခဲ့ပါလျက် ကျေပါလျက်ကယ်နဲ့။
စစ်မုဆိုးများ အာဏာရှင်များလက်က မလွတ်မြောက်သေး၊ ၀ဋ်ကြွေးဆက်၍ ဆပ်ရဦးမည်ဆိုရင်တော့ ဘယ်သူ့ မှာ တာဝန်ရှိပါသလဲ မေးပါရစေ ဒေါင်းမိခင်။

မိုးမြင့်လွင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ပြည်သူအားလုံး တာဝန်ကျေခဲ့ပါသည် ဒေါင်းမိခင်  ပြည်သူအားလုံး တာဝန်ကျေခဲ့ပါသည် ဒေါင်းမိခင် Reviewed by THITHTOOLWIN on 05:56 Rating: 5
Powered by Blogger.