လာရှိုးက ကြိုတင်မဲကိစ္စ မဆုံးဖြတ်ရသေး


 ရှမ်းပြည်နယ် လာရှိုးမှာတော့ ကြိုတင်မဲတွေနဲ့ ပတ်သက်လို့ ပြသနာတက် အငြင်းပွားနေတဲ့ကိစ္စကို မနေ့က ရလဒ်ထုတ်မယ်လို့ သက်ဆိုင်ရာ မြို့နယ် ကော်မရှင်က ပြောကြားခဲ့ပေမယ့် မြို့နယ်တို့ ခရိုင်တို့မှာ မဆုံးဖြတ်ဘဲနဲ့ ပြည်ထောင်စု အဆင့်အထိ တင်ပို့လိုက်ပါတယ်။

လာရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က တပ်ရင်းတပ်ဖွဲ့ ၆ ခုကနေပြီး ပေးပို့လာတဲ့ ကြိုတင်မဲတွေမှာ စုစုပေါင်း မဲဆန္ဒနယ်တခုအတွက် ၄၀၀၀ နီးပါးရှိပါတယ်။ အဲဒီမဲတွေဟာ ရောက်ရမယ့်အချိန် ညနေ ၄ နာရီမှာ ရောက်ခဲ့ပေမယ့် လူအင်အား ၄၀၀၀ ဖြစ်နေတဲ့အတွက် ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ခုနောက်ပိုင်း တပ်မတော် တပ်ရင်းတွေမှာ လူအင်အားက ဖွဲ့စည်းပုံအပြည့် မရှိပေမယ့် အခုပေးထားတဲ့ အနေအထားကို ကြည့်ရင် ဖွဲ့စည်းပုံအပြည့်အတိုင်း မဲပေးထားသလိုဖြစ်နေတဲ့အတွက် သံသယတွေနဲ့ ပြောဆို ဝေဖန်မှုတွေ ရှိနေတာပါ။ နောက်တခုက ပေးထားတဲ့ ပုံစံက တပုံစံထဲ ဖြစ်နေတယ်လို့လည်း ပြောကြပါတယ်။

မဲ ၄၀၀၀ နီးပါးမှာ ၃၈၀၀ လောက်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ပေးထားတာ ဖြစ်ပါတယ်။ တကယ်လို့ ဒီ မဲ ၃၈၀၀ ကိုအတည်ပြုလိုက်လို့ ရှိရင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အနိုင်ရရှိသွားမှာ ဖြစ်ပါတယ်။ သူ့ရဲ့ပြိုင်ဘက်ကတော့ အန်အယ်လ်ဒီက ဦးထွန်းရွှေဖြစ်ပါတယ်။

လောလောဆယ်မှာ အန်အယ်လ်ဒီက နိုင်နေပေမယ့် ကြိုတင်မဲတွေကို အတည်ပြုလိုက်မယ်ဆိုရင် ဒေါက်တာ စိုင်းမောက်ခမ်း အနိုင်ရရှိနိုင်မှာ ဖြစ်ပါတယ်။

မဲရုံကို လာရောက်မဲပေးတဲ့သူတွေရဲ့ ရလဒ်ကို တွက်လိုက်မယ်ဆိုရင်တော့ လောလောဆယ်မှာ အန်အယ်လ်ဒီက ၂၀၀၀ ကျော်လောက် အသာရနေပေမယ့် ကြိုတင်မဲ ၄၀၀၀ နီးပါးထဲက ဒေါက်တာ စိုင်းမောက်ခမ်းကို ပေးထားတဲ့ မဲ ၃၈၀၀ ကိုသာ အတည်ပြုပေးလိုက်ရင်တော့ ဒေါက်တာ စိုင်းမောက်ခမ်းဟာ ပွတ်ကာသီကာ အနိုင်ရသွားမယ့် သဘောမျိုးလို့ ပြောလို့ရပါတယ်။

အခုလို ကြိုတင်မဲ အငြင်းပွားနေတဲ့ကိစ္စကို ဘယ်လို ဆုံးဖြတ်မယ်ဆိုတာကို သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေက စောင့်မျှော်နေကြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

လာရှိုးက ကြိုတင်မဲကိစ္စ မဆုံးဖြတ်ရသေး  လာရှိုးက ကြိုတင်မဲကိစ္စ မဆုံးဖြတ်ရသေး Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.